ကရင်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီ ဗုံးကြဲ

ကရင်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီ ဗုံးကြဲ

မွန်ပြည်နယ် သထုံခရိုင်နှင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်းအတွင်းပြုလုပ်နေသည့် ကရင်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့က KNU ထိန်းချုပ်ရာ ဒူသထူးခရိုင်(သထုံခရိုင်)အတွင်းက ယိုးကလား၊ ထီးဖဒိုထာကြားနှင့် မူတြော်ခရိုင်(ဖာပွန်)ရှိ နိုဖောထီးကျေးရွာတို့တွင် ပြုလုပ်နေသော ကရင်နှစ်သစ်ကူးပွဲတော်အပြီး ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုသည် အစိုးရအဆက်ဆက် အသိအမှတ်ပြုခဲ့သည့် ကရင်နှစ်သစ်ကူးပွဲတော်ကို ရည်ရွယ်ချက်ရှိရှိ စော်ကားတိုက်ခိုက် ခြင်းဖြစ်သည်ဟုလည်း KNU က တုန့်ပြန်ထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ကရင်လူမျိုးများ အထွဋ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်အား ဂုဏ်သိက္ခာညိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူများအား သေကြေပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သဖြင့် ရှုတ်ချသည်ဟုလည်း ဆိုသည်။

ယင်းနေ့တွင် စစ်ခေါင်းဆောင်သည် ကရင်လူမျိုးများအား ယဉ်ကျေးမှုထိန်းသိမ်းရန် တိုက်တွန်းသည်ဟု သဝဏ်လွှာပေးပို့ ပြောဆိုခဲ့သည်။ 

အဆိုပါပြောဆိုချက်သည် ၎င်းတို့လိုလားသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးတို့သည် စစ်ဘောင်အတွင်းက ထားရာနေ စေရာသွားဆိုသော အဓိပ္ပာယ်ဖော်ဆောင်နေသည်ဟုလည်း KNU ဘက်က ဖော်ပြသည်။

#TachileikNewsAgency

#TNA_MAT

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻