NUG ကန့်ကွက်သော်လည်း တရုတ်ကဖိတ်ကြား၍ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်ကိုသွားမည်

NUG ကန့်ကွက်သော်လည်း တရုတ်ကဖိတ်ကြား၍ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်ကိုသွားမည်

တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့တွင် ဖော်ပြသည်။

တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင်သည် မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ကူမင်းမြို့၌ နိုဝင်ဘာလ (၆)ရက် နေ့မှ (၇)ရက်နေ့အထိပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများကို တက်ရောက်မည်ဟု ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံ အစိုးရအဖွဲတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် မဲခေါင်အစည်း အဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ခေါ်ခြင်းကို ပြန်လည်သုံးသပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြော ကြားခြင်းအစီအစဉ်တွင် ပြောဆိုထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၌ စစ်ကောင်စီက နယ်မြေအများအပြား ထပ်မံလက်လွှတ်လိုက်ရပြီးနောက်ပိုင်း တရုတ်နိုင်ငံက နေပြည်တော်နှင့်ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်လာကာ တော်လှန်ရေးအဖွဲ့များအား ဖိအားပေးရန် တရုတ်က ကြိုးပမ်းလာသည်ကို တွေ့နေရခြင်းဖြစ်သည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ အိမ်နီးချင်းတရုတ်နိုင်ငံအပေါ် မြန်မာပြည်သူလူထုက အထင်လွဲမှားမှုနှင့် အမုန်းပွားမှုများ ဖြစ်လာမည်ကို စိုးရိမ်သည်ဟုလည်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့အများအပြား သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များကို ပိတ်ခြင်း၊ ကုန်စည်သယ်ယူခွင့် ကန့်သတ်ခြင်းနှင့် တော်လှန်ရေးတပ်များအပေါ် တိုက်ပွဲများရပ်ရန် ဖိအားပေး ခြင်းများကို တရုတ်နိုင်ငံက လုပ်ဆောင်နေသည်ကို တွေ့ရသည်။

#TachileikNewsAgency

Photo: ၂၀၂၃ခုနှစ် ဇန်နဝါရီ ၂၁ရက်နေ့တွင် တရုတ်သံရုံးက ပြုလုပ်သည့် တရုတ်နှစ်သစ်ကူးတွင် တွေ့ရသည့် အာဏာသိမ်း စစ်ခေါင်းဆောင်