မတ္တရာနှင့် စဉ့်ကူးတွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါ ၄ ဦးဖမ်းမိပြီး ၉ ဦးသေ

မတ္တရာနှင့် စဉ့်ကူးတွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါ ၄ ဦးဖမ်းမိပြီး ၉ ဦးသေ

မန္တလေးတိုင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် မန္တလေး PDFတို့ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါ (၄)ဦးကိုဖမ်းမိပြီး (၉)ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သိမ်းပိုက်ထားသော မတ္တရာမြို့နယ် ရေနံ့သာတိုးဂိတ်ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၇)ဦးသေပြီး ဆုတ်ခွာထွက်ပြေးသွားရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စဉ့်ကူးမြို့နယ် ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းနေရာ ဗိုလ်ကြီး(၁)ဦး အပါအဝင် သုံ့ပန်း (၄)ဦးခန့် ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း(၂)လောင်းနှင့် လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မတ္တရာမြို့နယ် အုတ်ဖို(ရွာသစ်)ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး(၁)ဦး အသက်သေဆုံးခဲ့သည့်အပြင် မတ္တရာမြိုနယ် သန်းကုန်းကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာစာသင်ကျောင်းအပါအဝင် အရပ်သားနေအိမ်များ ပျက်စီးသည်ဟု သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)