ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းမှ သတင်းထုတ်ပြန်သည်။

ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ပွားသီး အား ၂၀၂၄ခုနှစ် ဇွန်လ (၁၃) ရက်နေ့  ညနေ (၆) နာရီခန့်တွင် သဖန်းကိုင်းရွာနှင့် အင်းငါးခွသကြားစက်လမ်းခွ၌ ပစ်ခတ်ရှင်းလင်းခဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ပျူစောထီး အပတ်စဉ် (၁) သင်တန်းဆင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် စစ်သားစုဆောင်းပေးနေသူတစ်ဦးဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

ပြီးခဲ့သည့် မေလမှ ယခု ဇွန်လဝက်အတွင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ  ပြည်ခရိုင်အတွင်း စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး (၅) ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၊ ဆက်လက်လုပ်ကိုင်နေသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ပွားသီး၏ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အုပ်ချုပ်ရေးမှူး ညွှန့်စိုးကိုလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency