AA ထိုးစစ်ကြောင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသားများကို ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းထွက်ပေါ်

AA ထိုးစစ်ကြောင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသားများကို ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းထွက်ပေါ်

ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်မှ အကျဉ်းသားများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ ညပိုင်းတွင် ပြန်လွှတ်ပေးလိုက် သည့်သတင်း ထွက်ပေါ်လာသည်။ 

အကျည်းထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ဂွမြို့နယ်ဘက်သို့ တပ်ဆုတ်နေချိန် အကျဉ်းသားများကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။ 

"အကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တာဟုတ်တယ်။ ဘာကြောင့်ဆိုတာတော့ တိတိကျကျမသိရဘူး။ ပြန်လွှတ်ပေးတာ မှန်တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဒေသခံတချို့ကမူ နိုင်ကျဉ်းတချို့ပြန်လွတ်ပြီး AA နှင့်ဆက်စပ်သူများကို ဆက်လက်ဖမ်းဆီးထားဆဲဟု ပြောဆိုကြပြီး တချို့ကမူ အကျဉ်းသားအားလုံးပြန်လွှတ်သည်ဟု ပြောဆိုကြသဖြင့် တိကျသည့် အချက်အလက်ကို Tachileik News Agency က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

"မြို့တွင်းမှာက ဒေသခံသိပ်မရှိကြတော့ဘူး။ ထောင်နားကလည်း စစ်ကောင်စီတပ်စွဲကတည်းက လူတွေမရှိကြတော့ ဘယ်နှစ်ယောက် လွတ်တယ်ဆိုတာ အတိတကျမသိရဘူး။ လွှတ်ပေးလိုက်တာတော့ မှန်တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် AA ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ထောင်ဝန်ထမ်းတချို့ ထွက်ပြေးပြီး စစ်ကောင်စီတပ်က ထောင်တွင်း တပ်စွဲနေခြင်းဖြစ်ပြီး ယမန်နေ့က ဂွမြို့ဖက်သို့ တပ်ဆုတ်ရာတွင် ၎င်းတပ်များလည်းပါဝင်ကာ အကျဉ်းသားများကို လူသားဒိုင်းအဖြစ်ခေါ်ဆောင် သွားခြင်းများလည်းရှိကြောင်း ဒေသခံများကပြောဆိုကြသည်။

"သံတွဲကျမှပဲ ဖြစ်နိုင်မယ်ခင်ဗျ။ AA သိမ်းနိုင်ရင်တော့ ဖြစ်နိုင်မယ်။ မဟုတ်ရင် မလွယ်ဘူးခင်ဗျ။ လူသားတံတိုင်းပုံစံ သုံးနိုင်တယ်။"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ‌ရေးအကျဉ်းသားများကွန်ယက် မှ ကိုသိုက်ထွန်းဦးက Tachileik News Agencyကိုပြောသည်။

သံတွဲမြို့ကို AA စတင်တိုက်ခိုက်ကတည်းက စစ်ကောင်စီသည် အကျဉ်းသားများအား ပြင်ပထောင်ဝင်စာပေးပို့မှုကို ကန့်သတ်ထားပြီး ပုံမှန်ကျွေးနေသည့် ဟင်းများအစား အရွက်ပြုတ်ကိုသာ ကျွေးတော့သည်ဟု သိရသည်။

သံတွဲအကျဉ်းထောင်တွင် သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ပြည်မြို့များမှ  ဖမ်းဆီးခံရသည့် နိုင်ငံကျဉ်းသားများရှိသည့်အပြင် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထားသူများလည်းရှိကြောင်း သိရသည်။

လက်ရှိတွင် AA သည် ခမရ(၅၆၆)၊ ခလရ(၅၅)တပ်တို့ကို သိမ်းပိုက်ထားပြီး သံတွဲမြို့သို့ ဆုတ်ပြေးနေသည့် စစ်ကောင်စီတပ်အား ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency