တိုက်ပွဲများဖြစ်နေသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိကာ ကလေးတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ခြေထောက်ပြတ်ထွက်ဒဏ်ရာရသူမှာ အမ်းမြို့နယ်၊ တပ်တောင်မြို့၊ အမှတ်(၂)ရပ်ကွက်မှ မောင်ရဲထွန်း (၁၂)နှစ် ဖြစ်ကြောင်း သိရသည်။
မောင်ရဲထွန်းသည် ၎င်း၏သူငယ်ချင်းဖြစ်သူနှင့်တတူ ယခင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချနေထိုင်သည့် တောင်ကုန်းကို ငါးမျှားတံခုတ်ရန်သွားစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကို နင်းမိခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် မောင်ရဲထွန်း၏ ဘယ်ဖက် ခြေထောက်ပြတ်ထွက်သွားပြီး ညာဖက်ခြေထောက်တွင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
လက်ရှိတွင် မောင်ရဲထွန်းမှာ ခြေထောက်ပြတ်ထွက်ဒဏ်ရာကို ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။
#TachileikNewsAgency