ယောနယ်အတွင်း စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ် ထုတ်ပြန်

ယောနယ်အတွင်း စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ် ထုတ်ပြန်

ယောနယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ် (YDF) မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူ့အာဏာ မတရားလုယူထားသည့် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ၎င်းတို့ လက်လှမ်းမှီသည့် အတိုင်းအတာဖြင့် လူဦးရေ သန်းခေါင်စာရင်းများ ကောက်ယူနေခြင်းသည် စစ်အုပ်စု၏ အာဏာအဓွန့်ရှည် တည်တံနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် (YDF) က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ စစ်ကောင်စီ၏ ယုတ္တိမရှိသော မဲမသမာမှု အကြောင်းပြချက်ဖြင့် မတရားအာဏာလုယူထားမှုကြောင့် ပြည်သူများ၏ တော်လှန်စစ်ဖြစ်လာရခြင်းဟုလည်း ဆိုသည်။

လက်ရှိအချိန်အထိ ပြည်တွင်းစစ်မီးများ တဟုန်ထိုး တောက်လောင်ကာ တိုင်းပြည် မငြိမ်မသက်ဖြစ်နေပြီး ပြည်သူများမှာ စစ်ဘေးအပြင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးကြောင့် အလူးအလဲရင်ဆိုင်နေရချိန်တွင် သန်းခေါင်စာရင်းကို တဖက်လှည့် အသုံးချကာ အတင်းအဓမ္မ စစ်သားစုဆောင်းနိုင်ရန်နှင့် ၎င်းတို့ကို တော်လှန်နေသော တော်လှန်ရေးသမားများ၏ အချက်အလက်များကို စုဆောင်းရယူရန် ရည်ရွယ်ပြီး သန်းခေါင်စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် (YDF) က ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းသည် ၎င်းတို့ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် ပမာဏခြေလှမ်းတရပ်ဖြစ်ပြီး ထိုရွေးကောက်ပွဲဖြင့် စစ်အုပ်စုမှ အာဏာကို ရယူနိုင်ရန်ဖြစ်သည်ဟုလည်း ဆိုသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်များ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲများသည် စစ်အုပ်စုထောက်ခံသည့်ပါတီ အနိုင်ရရေးသာဖြစ်ပြီး ပြည်သူတို့လိုလားသည့် ပါတီကို အာဏာပေးရန် မဟုတ်သည်ကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်ကြောင်း ယောကာကွယ်ရေးတပ် က အသိပေးထားသည်။

ထို့ကြောင့် နိုင်ငံတကာ အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန်နှင့် ယောနယ်အတွင်း ပူးပေါင်းဆောင်ရွက်သည့် မည်သူမဆို  ယောကာကွယ်ရေးတပ် (YDF) အနေဖြင့် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယောနယ်သည် ဂန့်ဂေါခရိုင်ဖြစ်ပြီး ဂန့်ဂေါခရိုင်အတွင်း၌ ဂန့်ဂေါ၊ ထီးလင်း၊ ဆောနှင့် နောက်တိုး မြို့နယ်ခွဲအဖြစ် ကျောက်ထုမြို့နယ်တို့ ပါဝင်ပြီး တော်လှန်ရေးလှုပ်ရှားမှုများ အားကောင်းသည့် ဒေသတခုလည်းဖြစ်သည်။

#TachileikNewsAgency

Photo: ယောကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)