ပအိုဝ်းဒေသ၌ သြဂုတ်လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေ

ပအိုဝ်းဒေသ၌ သြဂုတ်လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေ
သြဂုတ် 24, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သြဂုတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၄၈)ဦး သေကြောင်း PNLA က ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဩဂုတ်လအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့များရှိသည့် နေရာများသို့ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက စစ်ကြောင်းထိုးကာ ပအိုဝ်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးလာခြင်းကြောင့် တိုက်ပွဲ (၁၄)ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ထိုတိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး သေဆုံးခဲ့ပြီး အလောင်း(၃၁)လောင်း ကျန်ရှိခဲ့ကာ လက်နက်ငယ် (၁၄)လက်၊ (၆၀)မမ ပြောင်းတို တစ်လက်နှင့် ဒရုန်း(၂)စင်းကို သိမ်းဆည်းရရှိကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း ကျန်ရှိခဲ့သည့် စစ်ကောင်စီ၏ အလောင်းများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။ 

ဩဂုတ်လအတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံးများအပါအဝင် ဗုံးပေါင်း(၃၀၀)ကျော်ကို အသုံးပြုကာ ပအိုဝ်းကျေးရွာများကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီနှင့် လက်အောက်ခံ PNOပြည်သူ့စစ်မှ ဆီဆိုင်မြို့နယ် မီရဲ့ကျေးရွာနှင့် ထီရီးပွဉ်ရင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အကြိမ်(၁၀၀)ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူနေအိမ် (၄)အိမ် မီးလောင်ပျက်စီးကာ ဒေသခံ(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးသည်ဟု သိရသည်။ 

ထို့အပြင် ဆီဆိုင်မြို့နယ် ပန်အောင်ကျေးရွာကို စစ်ကောင်စီနှင့် PNOက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ပန်အောင်ကျေးရွာဒေသခံ မွိုးစွန် အသက် (၄၀)နှစ်သည် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရပြီး မွိုးစွန်၏သား အသက်(၃)နှစ်အရွယ် ကလေးငယ်မှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအတွင်းသို့လည်း စစ်ကောင်စီနှင့် လက်အောက်ခံ PNOပြည်သူ့စစ်က လက်နက်ကြီး အကြိမ်(၂၀)ကျော် ပစ်ခတ်သဖြင့် ပြည်သူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။ 

ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လက်နက်ကြီများ၊ လေယာဉ်များ အသုံးပြုပြီး ပအိုဝ်းကျေးရွာကို တိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းပြည်သူ(၃၀၀၀)ကျော် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။ 

ထိုထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ အကူအညီများ အရေးပေါ် လိုအပ်နေသဖြင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီပေးရန်လိုနေသည်ဟု သိရသည်။ 

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များသည် ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူများအား အငတ်ဘေးကြုံတွေ့စေရန် ရည်ရွယ်ပြီး ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များ၊ လူသုံးကုန်များ လယ်ယာသုံးပစ္စည်းများကို သယ်ယူခွင့် ပိတ်ထားပြီး ငွေကျပ် (၅၀၀)နှင့်အထက် တန်ဖိုးရှိ ပစ္စည်းများကို သယ်ယူပါက သိမ်းဆည်းနေသည်ဟု သိရသည်။ 

ဆီဆိုင်မြို့မှ ဒေသခံ(၃)ဦးကိုလည်း PDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ပြီး (၂)ဦးကို ပစ်သတ်ခဲ့သည်ဟု သိရသည်။ 

ကျန်တစ်ဦးမှာ ပစ်သတ်သူ PNO ပြည်သူ့စစ် စံမြနှင့် ယောက်ဖတော်စပ်သူဖြစ်သောကြောင့် ငွေ(၅)သိန်းဖြင့် ပြန်လည်ရွေးခိုင်းကာ PNO ပြည်သူ့စစ်တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် ဩဂုတ်လအတွင်း ငွေ(၁၀)သိန်းမထည့်နိုင်လျှင် စစ်ကောင်စီအတွက် တပ်သားသစ်အဖြစ် စုဆောင်းမည်ဟု PNO ပြည်သူ့စစ်က ခြိမ်းခြောက်ခြင်းကြောင်း ကျေးရွာမှ ထွက်ပြေးလာသည့် အသက်မပြည့်သေးသူ အသက်(၁၄)နှစ်နှင့် အသက်(၁၅)နှစ်အရွယ် ကလေးငယ်(၃)ဦးကိုလည်း PNLA က ကယ်တင်ခဲ့ပြီး မိဘများနှင့် အဆက်အသွယ်ပြန်ရပြီးနောက် ဆွေမျိုးများထံ PNLA က ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info