စစ်ကောင်စီတပ်က မူးမြို့နယ်ရှိ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်က မူးမြို့နယ်ရှိ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကော်သူးလေအုပ်ချုပ်နယ်မြေ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်ကြုံနေရကြောင်း KNU ဗဟိုမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်များမှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးတွင်းကာလဖြစ်သည့်အတွက် ဝမ်းရောဂါများ ဖြစ်ပွားနေကြပြီး နေရာထိုင်ခင်းနှင့် ဆေးဝါးမလုံလောက်မှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

ထို့အပြင် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးခြင်း၊ ကျေးရွာထဲ၌ စခန်းချဝင်ရောက်တပ်စွဲထားခြင်းနှင့် လယ်များအတွင်း လယ်ထွန်နေသည့် ပြည်သူများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများအား နေ့စဉ် ပြုလုပ်နေသဖြင့် ကျေးရွာနေပြည်သူများ လယ်ယာမြေမြောက်များစွာအား ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ပစ်ထားရကြောင်း KNU ဗဟိုမှ ဆိုသည်။

ယခုအပတ်အတွင်း မူးမြို့နယ် နတ်သံကွင်းမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်မှ ဇူလိုင်လ (၁၂)ရက်နေ့ ည (၇)နာရီအချိန်တွင် လက်နက်ကြီး (၃)ကြိမ် ပစ်ခတ်ခဲ့ရာ သေဂေလူ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၃) ရက်နေ့ ညအချိန်တွင်လည်း နတ်သံကွင်းရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီး (၆)လုံး ပစ်ခတ်ခဲ့ရာ ရေလဲ ကျေးရွာအတွင်းသို့ (၆)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိသော်လည်း  နေ့စဉ်ရက်ဆက် ပစ်ခတ်မှုများကြောင့် ဒေသခံများ ကျေးရွာများအတွင်း နေထိုင်ခြင်း မပြုရဲတော့ဘဲ ဘေးလွတ်ရာများသို့ ပုန်းရှောင်နေထိုင်နေရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၅)သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo:KNU