ရှမ်းမြောက်ဖြစ်စဥ်တွင် EAOs များကို ဆန့်ကျင်သည်ဟု တရုတ်ပြောဆို

ရှမ်းမြောက်ဖြစ်စဥ်တွင် EAOs များကို ဆန့်ကျင်သည်ဟု တရုတ်ပြောဆို

တရုတ်နိုင်ငံအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များအနေဖြင့် မြို့ရွာများအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်များကို ဆန့်ကျင်ကြောင်းနှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြောသည်။ 

၂၀၂၄ ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့တွင် နေပြည်တော်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့အဖွဲ့တွေ့ဆုံစဥ် ယင်းသို့ပြောကြားခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်သည်။ 

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေးနေကာ တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် မြန်မာနိုင်ငံက ရပ်တည်ထောက်ခံနေမှုအပေါ် တန်ဖိုးထားကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးနေကြောင်း တရုတ်ဘက်က ဆိုသည်။ 

သန်းခေါင်စာရင်းကောက်ယူမှုရာတွင် လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်းပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လိုအပ်သည်များ ကူညီပေးမည်ဖြစ်ကြောင်း ထပ်ပြောသည်။ 

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းသည်ဟုလည်းဆို သည်။ 

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍစသည့် ကဏ္ဍစုံတို့ကို ကူညီပေးမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။

#TachileikNewsAgency