ဘတ်စျေးစံချိန်တင်မြင့်တက်သဖြင့် အရောင်း၊ အဝယ်များ ရပ်နားထားရ

ဘတ်စျေးစံချိန်တင်မြင့်တက်သဖြင့် အရောင်း၊ အဝယ်များ ရပ်နားထားရ
သြဂုတ် 13, 2024 | 2021 Military Coup

မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းပြီး ထိုင်းငွေဘတ်စျေးများ စံချိန်တင်ထိုးတက်လာခြင်းကြောင့် ဘတ် နှင့် ကျပ်လဲလှယ်မှုများကို ရပ်နားလိုက်ရသည့်အခြေအနေဖြစ်လာကြောင်း ဘတ်နှင့် ကျပ်လဲပေးသူများထံမှ သိရသည်။ 

ဘတ်စျေးသည် ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့တွင် ငွေကျပ်တစ်သိန်းကို ဘတ်(၄၉၀)နှင့် (၅၀၀) ၀န်းကျင်တွင် ရောက်ရှိနေခြင်းကြောင့် အရောင်း၊ အ၀ယ်များ ရပ်နားထားရသည်ဟု ဆိုသည်။

"ကျပ်အဝယ်နားလိုက်ရတယ်ပေါ့နော်။ စျေးတက်မှ လိုက်ဝယ်တဲ့သူတွေလဲ အလုအယက်ဝယ်နေကြတော့ အရောင်း၊ အ၀ယ်ကရပ်လိုက်ရတဲ့ သဘောပဲ။ မြန်မာငွေစျေးကျတော့ အများကြီးလဲမပေးတော့တာပေါ့။ ကျွန်တော်တို့တောင် မြန်မာငွေလက်ထဲရှိတာ ပြန်ထုတ်နေရတဲ့ အခြေအနေရောက်သွားတယ်။"ဟု ဘတ်နှင့် ကျပ်လဲလှယ်ပေးသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ပြည်တွင်း၌ တစ်ဒေါ်လာကို (၆၈၀၀)ကျပ်၊ တစ်ယွမ်ကို (၉၈၀)ကျပ်နှင့် တစ်ဘတ်ကို (၂၀၄)ကျပ်အထိ မြင့်တက်လာခြင်းကြောင့် မြန်မာငွေဖြင့် နိုင်ငံခြားငွေကို လဲလှယ်အသုံးပြုသူများမှာ အခက်အခဲဖြစ်လာသည်ဟု သိရသည်။

"အချိန်နဲ့အမျှ စျေးနှုန်းကပြောင်းနေတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့။ အခုအချိန် ထုတ်ရောင်းလိုက်တဲ့ကျပ်ကိုလည်း ပြန်ဝယ်လို့မရလောက်အောင် လိုက်မမီအောင် စျေးတွေပြောင်းနေတော့ အဲဒီမှာ အရမ်းကို နှောင့်နှေးကြံ့ကြာပြီးတော့ ကိုယ့်ဆီမှာရှိတာတွေကို ဘာမှမလုပ်ရဲတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့။"ဟု ဘတ်နှင့် ကျပ်လဲလှယ်ပေးသူတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် တစ်သိန်းကျပ်ကို (၁၁၁၅)ဘတ်၊ အောက်တိုဘာတွင် (၁၁၂၀)ဘတ်အထိရှိခဲ့ရာက ယင်းနောက်ပိုင်း ယနေ့အထိ မြန်မာငွေစျေးထိုးကျကာ စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်အတွင်း စံချိန်တင် ထိုးကျခြင်းဖြစ်သည်။

#TachileikNewsAgency