ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း 1007 Battalion - MOBYE People Defence Force – 2 တပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနက်(၁၁)နာရီခွဲတွင် စစ်ဘေးရှောင်များနေထိုင်သည့် အဆိုပါ စစ်ဘေးရှောင်စခန်းကို တိုက်လေယာဥ်(၂)စင်းဖြင့် ပေါင်(၅၀၀)ဗုံးဖြင့် တစ်ကြိမ်၊ ပေါင်(၂၀၀)ဗုံးဖြင့် နှစ်ကြိမ် စုစုပေါင်း ဗုံး(၅)လုံး လာရောက်ကြဲချသွားကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘန်ကောက်စစ်ဘေးရှောင်စခန်းနှင့် ၎င်းအနီးရှိ ပြည်သူများ၏ တဲ၊ နေအိမ်၊ ဘာသာရေး ဘုရားကျောင်း၊ စပါးကျီများနှင့် လူတချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။
ဘန်ကောက်စစ်ဘေးရှောင်စခန်းသည် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင်လည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် (၁၀)ဦးဝန်းကျင် သေဆုံးခဲ့ရသည်။
အဆိုပါ ဖြစ်စဥ်နောက်ပိုင်း စစ်ဘေးရှောင်အများစုသည် အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသော်လည်း ရွှေ့ပြောင်းရန် အခက်ခဲရှိနေကြသော တချို့စစ်ဘေးရှောင်များမှာ ဆက်လက်ကျန်ရှိခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: 1007 Battalion - MOBYE People Defence Force - 2