ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်

ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ကြောင်း ဗမာပြည်လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) အဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် ဆေးရုံ၊ မင်းကန်ကြီး ၊ တာဝတိံသာကျောင်း၊ ထွေအုပ်ရုံးနှင့် ဆားလင်းကြီးရဲစခန်းတို့ကို ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့ မနက် (၈)နာရီမှ စတင်၍ Fix Wings Drones များဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗမာပြည်လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ (၁)မှ ရဲဘော်များနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်မှ (၄၀ မမ ၊ ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ) အဖူးရေ (၁၀၀)ကျော်ကို နှစ်နာရီခန့်ကြာအောင် ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီအထိုင်ချနေသည့် ဘန်ကာများအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ပွိုင့်သုံးပွိုင့်မှ နေရာယူထားသည့် တပ်ဖွဲ့ဝင်များမှ ဆေးရုံထဲ၌ အထိုင်ချတပ်စွဲထားသည့် စစ်တပ်ဘန်ကာအချို့အား ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီဘက်မှ ဘန်ကာများအား စွန့်ခွာ၍ စခန်းထဲသို့ ပြန်လည်ဝင်ရောက်နေရာယူခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မင်းကန်ကြီးဘောင်နားတွင် နေရာယူထားသည့် ဘန်ကာအား ဆက်လက်တိုက်ခိုက်ခဲ့ရာ ဒုတိယအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မနက် (၈)နာရီဝန်းကျင်မှ ည (၈)နာရီ ခန့်အထိ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၅)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာခဲ့ကြောင်း ဗမာပြည်လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)မှ ဆိုသည်။

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၂)ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂၀) ရက်နေ့တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဆားလင်းကြီးမြို့သို့ ဆက်လက်ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လျှက်ရှိကာ စစ်ကောင်စီဘက်မှ ရေကြောင်းဖြင့် မုံရွာမြို့မှ ဆားလင်းကြီးမြို့သို့ စစ်ကူများပို့ဆောင်လျှက်ရှိကြောင်း သိရသည်။



အဆိုပါတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ(၁)၊ ChinDwinDynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)၊ တပ်ခွဲ(၃)၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Saligyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) တပ်ခွဲ (၃) တပ်စိတ်(၁) ၊ Fighter (Monywa)၊ Fighter Nine Force(Salinbgyi) ၊ SPDF(Salingyi)၊ မျက်လုံးစစ်ကြောင်း ၊ သေမင်းတမန်အဖွဲ့ ၊ မျိုးဆက်သစ်လူငယ်အဖွဲ့ ၊ အာဏာရှင်တော်လှန်ရေးအဖွဲ့ ၊ SRAအောင်ကြီးအဖွဲ့ ၊ ဖီးနစ်အဖွဲ့ ၊ ဒေါင်းတမာန်အဖွဲ့ ၊ နောင်ကြီးအဖွဲ့ ၊ CDF ၊ ဗိုလ်ယက်ခ ၊ Under Groundအဖွဲ့  ၊ အာဠာဝကအဖွဲ့ ပ.လ.ဖ ၊ သံမဏိမြွေပွေး ၊ မုံရွာခရိုင်တပ်ရင်း(၂၇) Black Dragon Doneအဖွဲ့ ၊ Brave Heart Army(BHA) နှင့် Chindwin Fighter Group(C.F.G) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency