မြိုင်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့်နေရာအား နယ်မြေရှင်းလင်းစဉ် ခဲယမ်းနှင့်အသုံးအဆောင်များ သိမ်းဆည်းရမိ

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့်နေရာအား နယ်မြေရှင်းလင်းစဉ် ခဲယမ်းနှင့်အသုံးအဆောင်များ သိမ်းဆည်းရမိ

မကွေးတိုင်း မြိုင်မြို့နယ် ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့်နေရာအား နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) Thu Rain T.R အဖွဲ့မှ သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့ တပ်မ (၁၀၁) မှ ယာဉ် (၁၃)စီးနှင့် ထွက်လာသည့် အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ၂၀၂၄ခုနှစ် ဇွန်လ (၃)ရက်နေ့ နံနက် (၈) နာရီခန့်တွင် ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Drone ဖြင့် ဗုံးသီး အလုံး (၅၀)ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့်  စစ်ကြောင်းမှူး အပါအဝင် စစ်သား၊ ရဲ နှင့် ပျူစောထီး (၁၀)ဦးခန့် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ အထိနာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက လေကြောင်း ပစ်ကူတောင်းခံ၍ ဇွန်လ (၄)ရက် နံနက် (၉)နာရီ (၁၅)မိနစ်တွင် ကံမြင့်ကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Thu Rain T.R အဖွဲ့မှ ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့်နေရာအား ဇွန်လ (၁၆) ရက်နေ့တွင် မြိုင် ပကဖတပ်ဖွဲ့နှင့် မဟာမိတ်များမှ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိခဲ့သည့် 9 mm ကျည် ၂၁၅ တောင့်၊ G–3 ကျည် ၇၁ တောင့်၊ 40 mm ကျည် ၁ ဖူး၊ Uzi ကျည်ဘောက် ၃ ဘောက်၊ အတိုဘောက် ၁ ဘောက်၊ လက်ပစ် ၂ လုံး၊ လက်ထိပ် ၁ ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှုအား မြိုင် ပကဖ၊ Black Cobra Force(ကမ္မတပ်ပေါင်းစု)၊ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Thu Rain T.R ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pakokku People Defense Force(PPDF)၊ Myaing Air Fighter၊ The Red Revoliters၊ DMG(ဓားမင်းကြီး)၊ Kamma Defense Force (KMDF)၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃ နှင့် ဘာမထီပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: THU RAIN TR