ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို စစ်ကောင်စီက ကန်ဒေါ်လာသန်း ၉၀ဖြင့် လေလံတင်မည်၊ ပြင်းထန်သည့် သတိပေးချက်နှင့် အရေးယူမှုလုပ်တော့မည်ဟု NUG ဝန်ကြီးပြော

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို စစ်ကောင်စီက ကန်ဒေါ်လာသန်း ၉၀ဖြင့် လေလံတင်မည်၊ ပြင်းထန်သည့် သတိပေးချက်နှင့် အရေးယူမှုလုပ်တော့မည်ဟု NUG ဝန်ကြီးပြော

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို စစ်ကောင်စီတပ်က အမေရိကန်ဒေါ်လာ သန်း(၉၀)ဖြင့် လေလံတင်ရောင်းချရန် စစ်ကောင်စီ၏ ကမာရွတ်ခရိုင် တရားရုံးက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် အမိန့်ချလိုက်ကြောင်း သိရသည်။

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမှတ်(၅၄)နေအိမ်အား စစ်ကောင်စီ၏ ကမာရွတ်ခရိုင်တရားရုံးမှ အမိန့်ချမှတ် လိုက်ခြင်းဖြစ်ပြီး ကျပ်ငွေသိန်းပေါင်း(၃,၁၅၀,၀၀၀)သတ်မှတ်ကာ လာမည့် ၂၀၂၄ ခုနှစ် မတ်လ(၂၀)ရက်နေ့တွင် အဆိုပါနေအိမ်အရှေ့၌ လေလံပွဲပြုလုပ်သွားမည်ဟု ဆိုသည်။

“ကြားကာလအမွေအနှစ် စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အနေနဲ့ ၂၀၂၂ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၃ခုနှစ်မှာတစ်ကြိမ် စာထုတ်သတိပေးခဲ့ပြီးဖြစ်ပါတယ်။ ခုလည်း ထပ်တိုင်ပင်နေပါတယ်။ ပြင်းထန်တဲ့ သတိပေးချက်တစ်ခုထပ်မံထုတ်ပြန်ဖို့ သို့မဟုတ် Actionယူဖို့ ဖြစ်နိုင်ချေများပါတယ်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက Tachileik News Agency ကိုပြောသည်။

အဆိုပါခြံသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှုအငြင်းပွားမှုရှိနေပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့တွင် စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အဆိုပါနေအိမ်ကို အမျိုးသားအဆင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၂၀၂၂ ခုနှစ်က သတ်မှတ်ခဲ့ပြီး ပြင်ဆင်ရောင်းချရန် ကြံစည်သူများကို ဥပဒေအရ အရေးယူမည်ဟု ကြေညာထားသည်။

#TachileikNewsAgency