စာပေ၊ ဂီတ၊ ရုပ်ရှင်၊ INGO နှင့် NGO အဖွဲ့များအား ကြပ်မတ်သွားရန် အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆို

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ INGO နှင့် NGO အဖွဲ့များအား ကြပ်မတ်သွားရန် အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆို

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ INGO နှင့် NGO အဖွဲ့များကို ကြပ်မတ်သွားရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၀)ရက်နေ့ကပြုလုပ်သည့် ၎င်း၏ဝန်ကြီးများနှင့် အစည်းအဝေးတွင် ပြောဆိုလိုက်ကြောင်း သိရသည်။

INGO နှင့် NGO အဖွဲ့များကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိနေပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများက စနစ်တကျ ကြပ်မတ်ထိန်းသိမ်းနေရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

“အချို့သော ပြည်ပအကူအညီများသည် INGO၊ NGOများမှတစ်ဆင့် မျှဝေဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိသည်”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

ထို့အပြင် စစ်ခေါင်းဆောင်က နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေး စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ယက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြပ်မတ်သွားရန်လည်းပြောဆိုသည်။ 

NUG အစိုးရ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းကမူ စစ်တပ်သည် နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား တားဆီးပိတ်ပင်ခြင်းသည် ပြည်သူများအား ငတ်မွတ်သေဆုံးရန် စစ်လက်နက်သဖွယ် အသုံးချနေခြင်းဖြစ်ကြောင်း ဩဂုတ်လ (၂၉)ရက်နေ့တွင် ပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့လုပ်ငန်းစဉ်များအကြောင်း သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့သည်။ 

ထို့ကြောင့် နိုင်ငံတကာနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်တပ်ကတဆင့် ပေးပို့ကူညီခြင်းများ မလုပ်ရန်နှင့် သက်ဆိုင်ရာဒေသများထံ သွားလာနိုင်ရန် အိမ်နီးနိုင်ငံများ၏ ခွင့်ပြုပေးမှုလည်း လိုကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီသည် လက်ရှိအချိန်အထိ မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်ကို နိုင်ငံတကာအကူအညီများ ဝင်ရောက်ခွင့်အား ပိတ်ပင်ထားဆဲဖြစ်သည်။

#TachileikNewsAgency