မန္တလေးတွင် ရှေ့တန်းထွက်သည့် ပျူစောထီးကားကို ယာဉ်ထိန်းဖမ်းကာ အမှုဖွင့်

မန္တလေးတွင် ရှေ့တန်းထွက်သည့် ပျူစောထီးကားကို ယာဉ်ထိန်းဖမ်းကာ အမှုဖွင့်

မန္တလေးတိုင်းတွင် ရှေ့တန်းထွက်သည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကားကို ယာဉ်ထိန်းရဲက ၂၀၂၄ ခုနှစ် ဇွန်လ (၁၂)ရက်နေ့က ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း မတ္တရာဘက်ကိုသွားသည့် ပျူစောထီးများစီးနင်းလာသော ဖောကားတစ်စီးကို ယာဉ်ထိန်းရဲက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

"ကားပေါ်မှာ ရိက္ခာတွေလည်းပါတယ်။ ကျည်ကာအင်္ကျီ၊ ယူနီဖောင်း တွေလည်းပါတယ်။ အဲဒီအချိန်မှာ ကားကိုဖမ်းလိုက်တယ်။ တောင်းတောင်းပန်ပန်ပြောတယ်။ ကျွန်တော်တို့ ပြည်သူ့စစ်တွေပါ။ မတ္တရာ ဘက်ကို သွားရမှာပါ။ ကဒ်တွေလည်း ထုတ်ပြတယ်။ ယာဉ်ထိန်းရဲ ကလည်း ပြည်သူ့စစ်မကလို့ ဘာပဲဖြစ်ဖြစ် အထက်အမိန့်အရ ဖမ်းတာတဲ့။ တိုင်းမှူးကတော်ဖြစ်လဲ ဖမ်းမှာတဲ့။"ဟု စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်က ပြောသည်။

ထို့နောက် ပျူစောထီးကားကို လမ်း(၉၀)သို့ ဖမ်းဆီးယူဆောင်သွားကာ အမှုဖွင့်လိုက်ကြောင်း သိရသည်။

"အရင်ရက်တွေကလည်း ပြည်သူ့စစ်ကားတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းတယ်။ ဟိုတလောက ဖမ်းတာမှာဆို ကားပေါ်မှာ လက်နက်တွေကအစပါတယ်။ အထက်အမိန့်အရလုပ်တယ်ဆိုတဲ့ စကားလုံးကို မကြိုက်ဘူး။"ဟု ၎င်းကဆက်ပြောသည်။

ပျူစောထီးများအနေဖြင့် ရှေ့တန်းကိုဆိုင်ကယ်နှင့်သွားပါက ပစ်သတ်ခံရမည်ဖြစ်သဖြင့် လိုင်စင်မဲ့ကားဖြင့် သွားလာနေခြင်းဖြစ်ပြီး ယင်းသို့ ဖမ်းဆီးသူနှင့် စေခိုင်းသူများမှာ ဖရဲသီးများဖြစ်နေနိုင်ကြောင်း ပေါက်ကိုယ်တော်က ဆိုသည်။

အဆိုပါပြဿနာကို တိုင်းမှူးထံအထိ တိုင်ကြားထားကာ မန္တလေးတိုင်းအတွင်း ပြည်သူ့စစ်(၈၀၀)ဝန်းကျင်အထိ အင်အားစုနိုင်ပြီဟုလည်း ဆိုသည်။

#TachileikNewsAgency