မောင်တောမြို့ရှိ WFP သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းအပေါ် ကုလသမဂ္ဂရှုတ်ချ

မောင်တောမြို့ရှိ WFP သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းအပေါ် ကုလသမဂ္ဂရှုတ်ချ

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းအပေါ်  ပြင်းထန်စွာရှုတ်ချကြောင်း ရန်ကုန်မြို့-ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ထံမှ သိရသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မြန်မာနိုင်ငံအနှံ့အပြားရှိ ပဋိပက္ခဒဏ်ခံစားနေရသူများအား အရေးပေါ်အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်တွင် လူဦးရေ ၁ သန်းနီးပါးခန့်အား ကူညီထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ရှိ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦးများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေပြီး ထိုလုပ်ရပ်များအား ချက်ခြင်းရပ်တန့်ရန်လိုအပ်ကြောင်း WFP မှ ဆိုသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် လိုအပ်ပြီး ၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အဦများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက်ရမည်ဖြစ်ကြောင်း WFP က တောင်းဆိုသည်။

ထို့အပြင် အကူအညီအရေးတကြီးလိုအပ်နေသူများထံ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက်ပေးအပ်ခွင့်ရနိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း WFP မှ ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မေလနှောင်းပိုင်းမှစ၍ မောင်တောသိုလှောင်ရုံထံသို့ သွားရောက်နိုင်ခြင်း မရှိခဲ့ဘဲ သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့ပြီး အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို WFP က ဆက်လက်စုဆောင်းလျက်ရှိကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး မည်သည့်အဖွဲ့က ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ကို WFP မှ ရှင်းလင်းစွာဖော်ပြခဲ့ခြင်းမရှိသော်လည်း မောင်တောမြို့နယ် ဝေသာလီကျေးရွာရှိ WFP ၏ ဂိုထောင်နှင့် လူနေအိမ်တချို့အား စစ်ကောင်စီနှင့် လက်အောက်ခံလက်နက်ကိုင်အဖွဲ့များမှ မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများသိမ်းယူခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)မှ ယမန်နေ့ ဇွန်လ (၂၅) ရက်နေ့တွင် ဒရုန်းဖြင့်ရိုက်ကူးထားသည့် ရုပ်သံဖိုင်ထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency