ရုရှားစွမ်းအင်ကုမ္ပဏီနှင့် အကျိုးတူဖော်ဆောင်မည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီခန့် မန်းတိုင်းဝန်ကြီးချုပ်သွားကြည့်

ရုရှားစွမ်းအင်ကုမ္ပဏီနှင့် အကျိုးတူဖော်ဆောင်မည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီခန့် မန်းတိုင်းဝန်ကြီးချုပ်သွားကြည့်

ရုရှား စွမ်းအင်ကုမ္ပဏီနှင့် အကျိုးတူဖော်ဆောင်မည့် ပုပ္ပါး(၂၀၀)မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင် သွားကြည့်သည်ဟု စစ်ကောင်စီဘက်က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ဖော်ပြသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြိုနယ်တွင် ပုပ္ပါး(၂၀၀)မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို မြန်မာဘက်က Zeya & Associates နှင့် ရုရှားဘက်က Rosatom Renewable Energy တို့က အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ နည်းလမ်းရှာဖွေ ကြိုးပမ်းနေရာ လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်က ဇန်နဝါရီလ (၁၄)ရက်နေ့က သွားရောက်စဥ် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်းကို လေ့လာမှုဆောင်ရွက်ဆဲဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသည့် လေအားလျှပ်စစ်စီမံကိန်း (၈)ခုတွင် ပုပ္ပါး(၂၀၀)မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုပါဝင်သည်။

စစ်ကောင်စီဘက်ကမူ စီမံကိန်းအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများဆောင် ရွက်နေမှုများအပေါ် တိုင်းအစိုးရအဖွဲ့မှ လိုအပ်သည်များကို နိုင်ငံတော်မူဝါဒများနှင့်အညီ ကူညီပံ့ပိုးပေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ရေအား၊ လေအား၊ နေရောင်ခြည်ကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ အကောင်အထည် နေသည်ဟု ပြောဆိုခဲ့သည်။

ရေအားလျှပ်စစ်၊ လေစွမ်းအင်အရင်းအမြစ်ရရှိနိုင်သည့်နေရာများတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို ဆောင်ရွက်နေပြီး ကုန်းတွင်းစီမံကိန်းနေရာ (၂၈)ခုနှင့် ကမ်းလွန်စီမံကိန်းနေရာ နှစ်ခုရှိသည်ဟု ဆိုသည်။

ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသော ဓာတ်အားကို ပို့လွှတ်နေသည့် (၂၃၀)ကေဗွီ၊ (၁၃၂)ကေဗွီ ဓာတ်အားလိုင်းကြီး (၁၄)လိုင်းမှာ ဖျက်ဆီးခံရခြင်းကြောင့် ဓာတ်အား (၁၀၀၉)မဂ္ဂါဝပ် အသားတင် လျော့နည်း ထုတ်လုပ်နေရသည်ဟု စစ်ကောင်စီဘက်က ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအချိုးမှာ ၅၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းနေသဖြင့် (၂၉၁)မဂ္ဂါဝပ်ခန့် လျော့နည်းနေသည်ဟု ဆိုသည်။

ရာဂီမုန်တိုင်းကြောင့်လည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင် ရွက်နေရသဖြင့် (၁၄၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေခြင်းကြောင့် စုစုပေါင်းဓာတ်အား (၁၄၄၀)မဂ္ဂါဝပ်ခန့်မှာ အသားတင်လျော့နည်းထုတ်လုပ်နေရသည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။

ထို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၂၀၀)မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်နေသည်ဟု ဆိုသည်။

၂၀၂၅ခုနှစ်တွင် ရန်ကုန်တိုင်းသို့ (၄၈)ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို (၁၇)ရာခိုင်နှုန်း၊ ကျန်တိုင်းနှင့် ပြည်နယ်များကို (၃၅)ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲပေးနေရသည်ဟု စစ်ကောင်စီက ဖော်ပြသည်။

ရန်ကုန်တိုင်းတွင် အုပ်စု(၃)စုခွဲ၍ တစ်အုပ်စုလျှင်(၄)နာရီပေး (၈)နာရီပိတ်၊ (၄)နာရီပေး (၄)နာရီပိတ် အလှည့်ကျစနစ်၊ မန္တလေးတိုင်းတွင် အုပ်စု(၄)အုပ်စုခွဲ၍ (၄)နာရီပေး (၁၂)နာရီပိတ် အလှည့်ကျစီနှင့် နေပြည်တော်ကိုမူ (၁၆)နာရီပေး (၈)နာရီပိတ်၊ ဝန်ထမ်းအိမ်ယာများအား (၁၈)နာရီပေး (၄)နာရီပိတ် စနစ်လုပ်ဆောင်နေသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT