NUG ဘွဲ့လက်မှတ် နိုတြီပြန်ပေးသူများနှင့် ပါဝင်ခဲ့သည့် စစ်ကောင်စီနိုတြီဌာနမှ ဒုတိယညွှန်ကြားရေးမှူးပါ ၃ ဦး ဖမ်းဆီးခံရ

NUG ဘွဲ့လက်မှတ် နိုတြီပြန်ပေးသူများနှင့် ပါဝင်ခဲ့သည့် စစ်ကောင်စီနိုတြီဌာနမှ ဒုတိယညွှန်ကြားရေးမှူးပါ ၃ ဦး ဖမ်းဆီးခံရ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဆေးတက္ကသိုလ်လက်မှတ်ကို နိုတြီပြန်ပေးသူများနှင့် စစ်ကောင်စီ၏ နိုတြီဌာနမှ ဒုတိယညွှန်ကြားရေးမှူးအပါ ဝန်ထမ်းတချို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု ၂၀၂၅ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် ထုတ်ပြန်သည်။

NUG၏ ဆေးတက္ကသိုလ်(မန္တလေး)က ပေးအပ်သည့် ဆေးပညာဘွဲ့လက်မှတ်ဖြင့် UAE နိုင်ငံတွင် ကျောင်းသူတစ်ဦး ကျောင်းလျှောက်ထားရာ The Data flow Group Companyက စစ်ကောင်စီထံ အကြောင်းကြားလာသဖြင့် နိုတြီပြန်ပေးသူများနှင့် လက်မှတ်ထိုးပေးခဲ့သော နိုတြီဌာနမှ ဝန်ထမ်းတချို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

မကေဇင်ထွန်းသည် NUG၏ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးခင်မောင်လွင်မှ ထုတ်ပေးခဲ့သည့် ယာယီဆေးပညာဘွဲ့လက်မှတ်ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်အတွက် ကျောင်းလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မတ်လ(၄)ရက်နေ့တွင် ဒူဘိုင်းမြို့ရှိ The Data flow Group Company မှ ကေဇင်ထွန်း၏ ပညာဆက်လက်သင်ကြားရန် လျှောက်ထားမှုနှင့်ပတ်သက်၍ ဘွဲ့လက်မှတ်အား အတည်ပြုပေးရန် စစ်ကောင်စီ၏ ဆေးတက္ကသိုလ်(မန္တလေး)ထံ အကြောင်းကြားလာသည်ဟု ဆိုသည်။

ထို့နောက် မတ်လ(၅)ရက်နေ့တွင် နိုတြီလုပ်ပေးခဲ့သူများဖြစ်သည့် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင် ရှေ့နေ လှဝင်း၊ လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင် ဇာနည်လွင်(ခ)လပြည့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ Notary ဌာနစိတ်(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုး၊ မတ်လ (၆)ရက်နေ့တွင် Notary ဌာနစိတ်(ရန်ကုန်)မှ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ်၊ မောင်မောင်ချစ်စန်းဦး၊ ကျောက်တံတားမြို့နယ်ရှိ အောင် Notary ဆိုင်ပိုင်ရှင် အေးသီတာနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ Angel Online Notary Service လုပ်ကိုင်သူ အိလဲ့လဲ့ထွန်းတို့ (၄)ဦးကို ဖမ်းဆီးထားပြီး ပွဲစားလုပ်ပေးသူ မခိုင်ခိုင်မှာ လွတ်မြောက်နေသည်ဟု သိရသည်။  

ထို့အပြင် UAE နိုင်ငံ ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်လျှောက်ထားသည့် ကေဇင်ထွန်းအား Black List (အမည်မည်းစာရင်း)ရေးသွင်း၍ ဖော်ထုတ်ဖမ်းဆီးကာ အရေးယူမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံသား ကျောင်းသူနှစ်ဦသည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ကျောင်းတက်ရန် NUG ကထုတ်ပေးထားသော ဘွဲ့လက်မှတ်ဖြင့် ကျောင်းလျှောက်ထားရာ ကျောင်းမှ စစ်ကောင်စီထံ အကြောင်းကြားလိုက်သဖြင့် နိုတြီပြန်ပေးခဲ့သော ရန်ကုန်မြို့နေသူ (၃)ဦး ဖမ်းဆီးခံခဲ့ရသည်။

#TachileikNewsAgency