KNU နယ်မြေ သထုံခရိုင်၊ ဖားအံမြို့နယ်တွင်းမှ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူနှင့်အတူရပ်တည်ကြရန် KNU ဖားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် သတိပေးထားသည်။
မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းများအားလုံး ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်သော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုခြင်းဖြင့် အချိန်မနှောင်းမီ ပြည်သူနှင့်အတူရပ်တည်ပြီး မှန်ကန်သောလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနိုင်ရန် သတိပေးခြင်း ဖြစ်သည်
ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ဖားအံမြို့နယ်အတွင်းရှိ တပ်ရင်း ၁ ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ် (ပသစ)များ မိမိလက်ရှိ လုပ်ငန်းတာဝန်မှ ထွက်ပေးရန်နှင့် စစ်ကောင်စီ (စကစ)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ မြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော အခြေအနေအရ နယ်ခြားစောင့်တပ် (BGF) တပ်စခန်းတွင်နေထိုင်နေသော မိသားစုဝင်အားလုံး စခန်းအတွင်းမှ ထွက်ခွာပေးရန်နှင့် အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး လုပ်ငန်းတာဝန်မှ နှုတ်ထွက်ပေးရန် အချက် (၃) ချက်ကို အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။