ဟောကိန်း(၁၉)ချက်ဖြင့် လူသိပိုများခဲ့သည့် လူငယ် ဗေဒင်ဆရာ လင်းညို့တာရာ ပြန်လည် လွတ်မြောက်

ဟောကိန်း(၁၉)ချက်ဖြင့် လူသိပိုများခဲ့သည့် လူငယ် ဗေဒင်ဆရာ လင်းညို့တာရာ ပြန်လည် လွတ်မြောက်
နိုဝင်ဘာ 4, 2022 | အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းအပြီး (၁၁)ရက်မြောက်နေ့တွင် ဖမ်းဆီးထားသည့် လူငယ် ဗေဒင်ဆရာ လင်းညို့တာရာ (ခေါ်) ကိုဟိန်းမင်းအောင် ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

"ပြန်လွတ်လာတာပဲ ဝမ်းသာနေပါတယ်ဗျာ ကျန်းကျန်းမာမာရှိပါတယ် စောင့်နေတဲ့သူတွေလည်း ကျေးဇူးပါ"ဟု ဗေဒင်ဆရာ လင်းညို့တာရာ၏ ကိုယ်ပိုင် Facebook စာမျက်နှာကနေ ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့ နေ့လည်(၁)နာရီ (၃၃)မိနစ်အချိန်က အသိပေးထားသည်ကို တွေ့ရသည်။

စစ်တပ်အာဏာ မသိမ်းမီကာလကတည်းဖြစ်သည့် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် မြန်မာနိုင်ငံကြီး၏ ၂၀၂၁ အတွက် အခြေခံဟောချက်များအဖြစ် အချက်ပေါင်း (၁၉)ချက်ပါဝင်သည့် ဟောကြားချက်များမှာ အာဏာသိမ်းခံရပြီးနောက် မှန်ကန်မှုများရှိလာသည့်အတွက် လူသိ ပိုများခဲ့ပြီး အာဏာသိမ်းခံရပြီးနောက် လင်းညို့တာရာသည် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ယတြာအစီရင်များကို ဆောင်ရွက်မှုဟုဆိုကာ ၎င်းအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဆီး အမှုဖွင့်ပြီး ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရခြင်းဖြစ်ကာ ယခုအခါ (၁)နှစ်ကျော် အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

 လူငယ် ဗေဒင်ဆရာ လင်းညို့တာရာ (ခေါ်) ကိုဟိန်းမင်းအောင် ကိုယ်တိုင် Delta News Agency တွင် ဖြေကြားချက်အရ ယခုလို လွတ်မြောက်လာခြင်းမှာ ထောင်လွတ်ရက်စေ့၍ လွတ်မြောက်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လူငယ် ဗေဒင်ဆရာ လင်းညို့တာရာ ဟောကိန်းထုတ်ခဲ့သည့် ဟောချက် (၁၉)ချက်ကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

  • ၁။ အချို့သော လက်နက်ကိုင်များဖြင့် ချစ်ကြည်ရေးဖြစ်ပြီး ပြေလည်မှုများ ဖြစ်တတ်သည်။
  • ၂။ ပြည်တွင်းစစ်များ သိသာစွာ အားနည်းလာတတ်သော်လည်း စီးပွားရေးထိုးစစ်များဖြင့် အပြိုင်အဆိုင်များ ဖြစ်ပေါ်လာတတ်သည်။
  • ၃။ မြန်မာပြည်ကြီး ၏ အမြင့်ဆုံး အဖွဲ့အစည်းများစွာတို့ အပြောင်းအလဲများစွာဖြစ်တတ်သည်။
  • ၄။ ဩဇာအာဏာကြီးမားသော ဆရာတော်ကြီးများ နှင့် ပုဂ္ဂိုလ်ကြီးများ သုံးပါး သို့ သုံးယောက် သေဆုံးမှု ဖြစ်မည်။
  • ၅။ နိုင်ငံတကာတွင် မြန်မာနိုင်ငံ ၏ သတင်းများ ထိုးတက်အောင်ကို အပြောင်းအလဲအဆိုးအကောင်း များစွာ ဖြစ်ပေါ်တတ်သည်။
  • ၆။ တန်ဖိုးကြီး အလွန်ရှားပါးသော ရတနာကြီးတစ်ခု သို့ တစ်ခုထက် မနည်း တူးဖော်ရရှိတတ်သည်။
  • ၇။ အစိုးရပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများ အလွန်များသောနှစ်ဖြစ်ပြီး စပ်စပ်ထိမခံသော အစိုးရတစ်ရပ် ဖြစ်ပေါ်တတ်သည်။
  • ၈။ နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်း သို့ ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ် ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။
  • ၉။ နိုင်ငံတော်တစ်ဝှမ်း စီးပွားရေးအလွန်အားကောင်းလာပြီး စီးပွားရေးဖြင့် ပတ်သက်သော ကြေငြာချက်အသစ်တစ်ခု (သို့) ဥပဒေတစ်ရပ် ဖြစ်ပေါ်လာတတ်သည်။
  • ၁၀။ တိုက်ပြိုခြင်း မြေပြိုခြင်း တံတားကျိုးခြင်း စသော ရေ နှင့် မြေကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်တတ်သည်။
  • ၁၁။ ကမ္ဘာမှာ ရောဂါဆန်းပေါ်လာတတ်သော်လည်း ကိုရိုနာလောက် Epidemic မဖြစ်တတ်ချေ။
  • ၁၂။ ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံသည် သိသိသာသာ ရေပန်းစားလာတတ်သည်။
  • ၁၃။ ကာလအတန်ကြာပျောက်ဆုံးနေကြသော ပုဂ္ဂိုလ်ဟောင်းများ လူဟောင်းများ မျက်နှာဖော်၍ ပြန်လည်ပေါ်ပေါက်လာတတ်သည်။
  • ၁၄။ ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲ ရှိတတ်သည်။
  • ၁၅။ ရာဇဝတ်မှုများ နှင့် မိမိကိုယ်မိမိ သတ်သေသောအမှုများ ပိုမိုများပြားလာတတ်သည်။
  • ၁၆။ ဂမ္ဘီရဆိုင်ရာဆရာများ များပြားလာတတ်ပြီး မြန်မာပြည်အခြေစိုက် ဂမ္ဘီရပညာများ ကမ္ဘာက သိသိသာသာ သိရှိလာတတ်သည်။
  • ၁၇။ အထင်ကရ နတ်ပုံတော်များ ပျက်စီးခြင်း နိမိတ်မကောင်းသောအခြင်းအရာများ ဖြစ်ခြင်း ဖြစ်ပေါ်တတ်သည်။
  • ၁၈။ ထူးခြားထင်ရှားသော သာသနာနယ်မြေများ သာသနာအဆောက်အဦ်းများ ဘုရားများ ပုံမှန်ထက်ပိုလွန်ပြီး ထူးခြားစွာဖြစ်ပေါ်တတ်သည်။ ဥပမာ – ကမ္ဘာ့ပထမဆုံး ဘုရား ၊ အကြီးဆုံးဘုရား စသဖြင့်ပါ။
  • ၁၉။ သိသာထင်ရှားပေါ်ပေါက်လာတတ်သော အမှောင်ဖြစ်ရပ်များစွာ ဖြစ်ပေါ်တတ်သည်။ ထိုအခြေအနေများ မပေါ်ခင်မှာ ဦးစွာ သတင်းပေးမည် ဖြစ်ပါသည်။