လက်နက်ကြီးကျည် ထပ်ကျပါက ပြန်လည်ပစ်ခတ်မည်ဟု ထိုင်းက သတိပေးထားပြီးနောက် ပစ်ခတ်ရန် အသင့် ပြင်ဆင်ထား

လက်နက်ကြီးကျည် ထပ်ကျပါက ပြန်လည်ပစ်ခတ်မည်ဟု ထိုင်းက သတိပေးထားပြီးနောက် ပစ်ခတ်ရန် အသင့် ပြင်ဆင်ထား
ဒီဇင်ဘာ 17, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်က ယမန်နေ့ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ကရင်ပြည်နယ် တိုက်ပွဲများမှနေ၍ ထိုင်းဘက်သို့ စစ်ဘေးရှောင်သူများ ကူးသွားသည့်ဘက်သို့ လက်နက်ကြီးပစ်ခတ်ရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ထိုင်းဘက်က သတိပေးထားပြီး ပြန်လည်ပစ်ခတ်ရန် အဆင်သင့်အနေအထား ပြင်ဆင်ထားသည်ဟု သိရသည်။

မနေ့က လက်နက်ကြီး (၃)လုံးကျပြီးတော့ ထိုင်းဘက်က သတိပေးထားတယ်။ လက်နက်ကြီးတွေ အသင့်ပြင်ထားတဲ့ အနေအထားလုပ်ထားတယ်။ အခုထိတော့ ပြန်သတိပေး ပစ်ခတ်တာ လုပ်တယ်လို့ မကြားသေးဘူး

ဟု ထိုင်းနယ်စပ်ရောက်နေသူတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ (၁၇)ရက်နေ့ နေ့လယ် (၁၁)နာရီကျော်တွင် ပြောသည်။

ယမန်နေ့က အာဏာသိမ်းစစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၃)လုံးမှာ တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ ကားလမ်းမအနီး ကျရောက်ပေါက်ကွဲသွားပြီး ကိုင်းတောအချို့ မီးလောင်သွားကာ မြန်မာစစ်ဘေးရှောင် သက်ကြီးရွယ်အိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည်ကျ၍ ထိုင်းဘက်တွင် မီးလောင်၊ အနီးဝန်းကျင်နေထိုင်သူများ တိမ်းရှောင်နေရ