မကွေးတိုင်းအတွင်း ရေနံစိမ်းသယ်ယူခွင့် အတွက် (၅)နှစ်ကာလအတွင်း ကျပ်သန်းပေါင်း (၂၈,၀၀၀)ကျော် ရရှိ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးပြင်ပသို့ ရေနံစိမ်းသယ်ယူခွင့်(Transport Pass) ဝန်ဆောင်ခများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အညီ ကောက်ခံခဲ့ရာ (၅)နှစ်အတွင်း (၆,၆၆၂,၄၁၀) စည် အတွက် ငွေကျပ် (၂၈,၄၅၇ ဒသမ ၃၈၀)သန်း ရရှိခဲ့ကြောင်း သိရသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရေနံစည်ပေါင်း ( ၆၆ )သိန်းကျော်ကို သယ်ယူခွင့်ပြုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လ ၂ရက်နေ့ကစပြီး ဂါလံ ၅၀ပါ ရေနံတစ်စည်ကို သုံးထောင် ကျပ်နှုန်းနဲ့ ကောက်ခံခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စပြီး ငါးထောင်ကျပ်နှုန်းနဲ့ ပြောင်းလဲကောက်ခံခဲ့ပါတယ်
ဟု သယံဇာတ ၊ သဘာဝပတ်ဝန်းကျင် ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရေနံစိမ်းသယ်ယူခွင့်ကောက်ခံရာ၌ ခွင့်ပြုထားသည့် လုပ်ကွက်များ၊ လုပ်ငန်းရှင်များထံမှ ကောက်ခံခြင်း ဖြစ်ပြီး တရားဝင်လုပ်ကွက်ရသူ၏ အမည်နှင့် တင်ပြလာသော သယ်ဆောင်ခွင့်မျှောများကို ၎င်း၏ ကိုယ်စားလှယ်အား စီစစ်၍ ထုတ်ပေးခြင်းဖြစ်သည်ဟု ဝန်ကြီး က ပြောသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေနံစည်(၄ သိန်း ၇သောင်း)ကျော် မှ ငွေကျပ်(၁,၄၁၉)သန်းကျော် ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေနံစည် (၁၀) သိန်းကျော်မှ ငွေကျပ်(၃၁၀၂)သန်းကျော် ၊ ၂၀၁၈ မီနီ ဘတ်ဂျက်တွင် ရေနံစည် (၉)သိန်းကျော်မှ ငွေကျပ်(၂,၇၅၉)သန်းကျော်၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေနံစည်(၂၃)သိန်းကျော်မှ ငွေကျပ်(၁၁,၇၃၇)သန်းကျော် ၊ ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်တွင် ရေနံစည် (၁၉)သိန်းခန့်မှ ငွေကျပ်(၉,၄၃၈)သန်းကျော် ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေနံလက်ယက်တွင်းတိမ် သက်တမ်းတိုးလုပ်ကွက်(၁၂)ကွက်ရှိပြီး လုပ်ကွက်အသစ်လျှောက်ထားမှုမှာ (၄၅)ကွက်ရှိရာ အဆိုပါလုပ်ကွက်များ ခွင့်ပြုချက်ရရှိရေးအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် EMP(Environmental Management Plan) ရေးဆွဲဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
Tachileik News Agecny
သတင်း - ဖီးနစ်