ပဲခူးတိုင်း ပေါက်ခေါင်းမြို့ရှိ စစ်ကောင်စီဂိတ်များထံ ရိက္ခာနှင့် ခဲယမ်းများလာပို့သည့် စစ်ကောင်စီကားကို တော်လှန်ရေးတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၉)ဦး သေပြီး ကားလည်းမီးလောင်ပျက်စီးသွားသည်ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF တပ်ရင်း) ထံမှ သိရသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့က စစ်ကောင်စီဂိတ်များထံ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကောင်စီကား(၂)စီးကို တပ်ရင်း (၃၆၀၁)က ပေါက်ခေါင်းမြို့နယ်နှင့် ပြည်-ပေါင်းတလည်ကြား တောင်ဇင်းဝကွေ့အနီး၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ဖောကားပေါ်တွင် တင်ဆောင်လာသော ဆီပေပါများ မီးလောင်ပြီး လက်ပစ်ဗုံး၊ ကျည်နှင့် အခြား(၄၀)မမဗုံးသီးများ ပေါက်ကွဲမှုကြောင့် အနားကိုကပ်မရ၍ မီးလောင်နေသော လက်နက်များကို သိမ်းဆည်းမရခဲ့ဘဲ မီးမကူးသေးသောနေရာမှ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်တချို့ကိုသာ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရိက္ခာပစ္စည်းများနှင့် ဆိုင်ကယ်၊ ကားတို့ကို ငှားရမ်းခြင်း၊ ကုန်ပစ္စည်များကို တင်ဆောင်လိုက်ပို့ခြင်းများ မပြုကြရန်လည်း အသိပေးထားသည်။
#TachileikNewsAgency
Video: Paungde People Defense Force PPDF Battalion-3601