မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကြောင်း Young Force UG အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပခုက္ကူမြို့၏ အနောက်တောင်ဘက်ရှိ ဖလံအိုကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းအား မေလ (၂၆)ရက်နေ့ မနက် (၄) နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲချိန် (၁) နာရီခန့် ကြာမြင့်ခဲ့ကြောင်း Young Force UGအဖွဲ့မှ သတင်းထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတချို့ ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး၊ စစ်ကောင်စီဘက်မှ စစ်ကူများ ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ တော်လှန်ရေးရဲဘော်များ နောက်ဆုတ်နိုင်ရန် ကာကွယ်ပစ်ခတ်ပေးခဲ့သည့် အမှတ် (၈၁၅) PLA တပ်ဖွဲ့နိုင်ငံရေးမှုး ရဲဘော်ထွန်းနိုင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့အခြေစိုက်စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့၊ ပခုက္ကူ-မြိုင်-ပေါက်မှ မဟာမိတ်တပ်ဖွဲ့များ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ (THURAIN-TR)၊ (PAKPKKU UNDERGROUND FORCE)၊ (BLACK CHEETAH)၊ (PAKOKKU RANGER) ၊ (TATY GYI)၊ (SHWE NYAR MYAE) နှင့် YOUNG – FORCE UG အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#TachileikNewsAgency
Video : YOUNG – FORCE UG