မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ခရီးသွားပြည်သူများကို မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ချောင်းဦးမြပုလဲဂိတ်မှ ခရီးသည်တင်ကားများဖြင့် လိုက်ပါလာပြီး မုံရွာ-ချောင်းဦး ကားလမ်းပေါ်တွင် ခရီးသွားပြည်သူများကို မိုင်းရှာဖွေရှင်းလင်းခိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa မှ ၂၀၂၄ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦး ကားလမ်းပေါ်တွင် ခရီးသွားပြည်သူများအား မိုင်းရှင်းခိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အချိန်ယူစောင့်ကြည့်ပြီးနောက် ဇွန်လ (၂၄)ရက် နံနက်ကိုးနာရီခွဲခန့်တွင် ခရီးသွားပြည်သူများနှင့် မိုင်းပွိုင့်လွတ်ကင်းချိန်၌ နောက်တွင်ကျန်ရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် သီးခြားကင်းပုံးဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တွေ့မြင်ခဲ့ပြီး လိုက်လံပစ်ခတ်ချိန်တွင် ကျန်ရှိနေသည့် နောက်ထပ်မိုင်းပွိုင့်အား ဖောက်ခွဲနိုင်ခြင်းမရှိခဲ့ကြောင်း Area 71 PDF Monywa မှ ဆိုသည်။

စစ်ကောင်စီ ကင်းပုန်းများ၏ လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးနိုင်ကြောင်း Area 71 PDF Monywa မှ ဆိုသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ်လျှက်ရှိပြီး ယခု တိုက်ခိုက်မှုသည် ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့စုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၁၀)ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Video : Area 71 PDF Monywa