မြိုင်မြို့နယ်စီမံခန့်ခွဲရေးရုံး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်စီမံခန့်ခွဲရေးရုံးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပကဖထံမှ သိရသည်။

၎င်းစစ်ကောင်စီဂိတ်ကို မြိုင်ပကဖ တပ်ရင်း (၃)၊ မြိုင်ပကဖ ဗိုလ်လင်းမြွေအဖွဲ့ ဦးဆောင်ပြီး၊ Mဒေါင်းနီအဖွဲနှင့် Heroအဖွဲ့တို့ ပူးပေါင်း၍ အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူ ရှိနိုင်သည်ဟု ဆိုသည်။

တော်လှန်ရေးအရှိန်မြင့်တင်လာသည်နှင့်အမျှ စစ်ကောင်စီတပ်၊ ပျူစောထီးများအား ၎င်းတို့နေရာများသည် လုံခြုံမှု ကင်းမဲ့နေပြီဟူသော အတွေးရစေရန်  အခွင့်အရေးရသည်နှင့် အလစ်ဝင်ရောက်တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် မြို့နေပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်သား၊ ပျူစောထီးများနှင့်  နီးစပ်ရာနေရာများတွင် နေထိုင်ခြင်း၊ သွားလာခြင်း မပြုလုပ်ကြရန်နှင့် အကယ်၍ ပြည်သူများရှိခဲ့မည်ဆိုပါက အတတ်နိုင်ဆုံး ပြည်သူများကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဇူလိုင်လ (၂၅)ရက်နေ့ ညနေပိုင်းကလည်း ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး(၆)ဦး မောင်းနှင်လာသော အဖြူရောင်ကားကို ကန်တော်ရွာနှင့် ကမ္မမြို့ကြားတွင် မြိုင် ပကဖ တပ်ရင်း(၁) တပ်ခွဲ(၅)က အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ