ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ သံတွဲလေဆိပ်နှင့် အနီးပတ်ဝန်းကျင်ရွာများ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျကာ မီးလောင်ကြောင်း ဒေသခံများထံမှ သိရသည်။
သံတွဲလေဆိပ်အနီးရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)နှင့် ခလရ(၅၅) တပ်များကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူတို့မှ ပစ်ခတ်နေရာ လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲခြင်းနှင့် ရွာအတွင်းကျရောက်ပေါက်ကွဲခြင်းများကြောင့် မီးလောင်သွားကြောင်း သိရသည်။
“လေဆိပ်ထဲလက်နက်ကြီးကျတာ ဟုတ်တယ်။ လေဆိပ်နားက စပါးကျီရွာ၊ မဇင်ရွာတွေထဲလည်း လက်နက်ကြီးကျပြီး မီးလောင်နေတာရှိတယ်။ လေဆိပ်ဘက်က ပိတ်ထားတော့ ဘယ်သူမှဝင်မရဘူး။ အသေးစိတ်ကိုတော့ မသိရဘူး။”ဟု ငပလီမှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
သံတွဲလေဆိပ်ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်မှ တပ်မိသားစုဝင်များသည် ရန်ကုန်သို့ပြေးရန် နာရေးကားများငှားရမ်းရာ လိုက်မည့်သူမရှိသဖြင့် ဂျိတ္တောဘက်သို့ ပြောင်းရွှေ့ထားသည်ဟု သိရသည်။
“ထွက်လာတဲ့ရုပ်သံက လေဆိပ်၀န်းကျင်ပဲ။ လေဆိပ်ထဲလည်းဖြစ်နိုင်တယ်။ ကပ်နေတာ စပါးကျီရွာနဲ့၊ မဇင်ရွာနဲ့လည်း တဆက်တည်းပဲ။ ကျွန်တော်တို့တောင် မနည်းထွက်လာရတာ။ တပ်မိသားစုတွေကို ဂျိတ္တောပို့ထားကြတယ်။”ဟု မဇင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် ကင်းမော်ရွာ ဘိုတဲကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲရာ ကုက္ကိုလ်ပင်အကိုင်းများ ပြတ်ကျကာ လမ်းပိတ်နေပြီး အရပ်သား(၂)ဦး ဒဏ်ရာရသည်ဟု သိရသည်။
ထို့အပြင် လေကြောင်းဗုံးကြဲထားသည့် ရွှေကျောင်းပြင်ရွာအတွင်းကိုလည်း ယနေ့တွင် လက်နက်ကြီး(၂)လုံး ထပ်မံကျသည်ဟု ရွှေကျောင်းပြင်ရွာ ဒေသခံများက ပြောသည်။
“ရဲစခန်းလည်း ပုံမှန်အတိုင်းရှိတယ်။ ထောင်လည်း ပုံမှန်အတိုင်းရှိတယ်။ သံတွဲမြို့ထဲမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ နံတော်တောင်ခြေရင်းက စစ်တပ်တော့ မရှိတော့ဘူး။ မြို့ထဲလည်း သွားလာရတယ်။ တပ်ကော AA ကောမရှိဘူး။ ရဲတွေကတော့ မနေ့ကဘဲ ထွက်ပြေးကြတာ။”ဟု သံတွဲမြို့တွင်းမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ခမရ(၅၆၆)နှင့် ခလရ(၅၅)တပ်တို့တွင် တိုက်ပွဲများဖြစ်နေသဖြင့် ဇီးဖြူကုန်းရွာဒေသခံတချို့ ပိတ်မိနေခြင်းများရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲနေသည်ဟု သိရသည်။
#TachileikNewsAgency
Video : CJ