နေပြည်တော်အပြင်စည်း ဘို့မသံတောင်စစ်ကောင်စီတပ်စခန်း PDF တပ်များ သိမ်းပိုက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အရှေ့ဘက်ရှိ စစ်ကောင်စီ၏ ဘို့မသံတောင် တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း Northern Thandaung Defence Forceထံမှ သိရသည်။

နေပြည်တော်သို့ ဝင်ရောက်ထိုးဖောက်နိင်ရန်အတွက် စစ်ရေးဆောင်ရွက်ရန် မဟာမိတ်ခေါ်၍ သံတောင်မြောက်ပိုင်း(အထူးဒေသ)နှင့် ရှမ်းတောင်ဖယ်ခုံ သစ်ကြိတ်(1004)PDF တပ်ရင်းတို့ပူးပေါင်းပါဝင်သော Iron Tiger Battalion-ကျားသံလုံးစစ်ကြောင်းက ဘို့မသံတောင်စခန်းအား ဩဂုတ်လ (၁၀)ရက်နေ့ကစတင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းပိုက်ရာ စစ်ကောင်စီတပ်၏ လက်နက်ပစ္စည်း (၉)မျိုးသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်သား(၉)ဦးနှင့် အရာရှိတစ်ဦး သေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်(၃)ဦးကျဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဝေသာလီလမ်းမပေါ်တွင် စစ်ကူလာသော စစ်ကောင်စီတပ်ကားအား တိုက်ခိုက်နိုင်ခဲ့ကာ နန်းလွင်စန်းရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကိုလည်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနား ခလရ(၈၅)တပ်မှ အင်အား(၃၅)ဦးခန့်ဖြင့် စစ်ကြောင်းထိုးလားသော စစ်ကြောင်းနှင့် PDFစုပေါင်းတပ်များ ဘို့မတောင်အထက်နှင့် ဘို့မတဲစုရွာကြားအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဘို့မအထက်ကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရကာ PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် တိုက်ပွဲသို့စစ်ကူလာသော ပျဉ်းမနားမြို့နယ် တောင်မြင့်အုပ်စု တောင်မြင့်ရွာမရွာမှ အင်အား(၆၀)ခန့်ပါသည့် စစ်ကောင်စီတပ်နှင့် ရေပူတောင်မြင့်ကျေးရွာနှင့် တောင်မြင့်ရွာမကျေးရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဩဂုတ်လ (၁၃)ရက်‌နေ့ ညနေပိုင်းတွင် နေပြည်တော် ပျဉ်းမနား ရေပူအောင်ခေါင်ကျေးရွာ တောင်မြင့်လမ်ဆုံးတွင် ဘို့မအထက်မှပြန်ဆင်းလာသော ခလရ(၈၅)တပ်ဖြင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို သံတောင်မြောက်ပိုင်း(အထူးဒေသ)-NTDF နှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004)PDF တပ်ရင်းတို့ပူးပေါင်းသည့် Iron Tiger Battalion - ကျားသံလုံးစစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Northern Thandaung Defence Force