လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် ဘူးသီးတောင်မြို့နယ်ရှိ မူဆလင်ရွာသားများကို AA ကူညီစောင့်ရှောက်ထား

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် ဘူးသီးတောင်မြို့နယ်ရှိ မူဆလင်ကျေးရွာများမှ အရပ်သားများကို ကူညီစောင့်ရှောက်ပေးထားကြောင်း ရက္ခိုင့်တပ်တော် AA မှ သတင်းထုတ်ပြန်သည်။

မေလ (၁၈) ရက်နေ့တွင် စစ်ကောင်စီ၏ Y12 ဂျက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မူဆလင်ကျေးရွာများဖြစ်သည့် ကျောက်ဖြူတောင်ကျေးရွာ၊ တပ်မင်းချောင်းကျေးရွာ၊ ငကျဉ်တောက်ကျေးရွာများမှ အရပ်သား စုစုပေါင်း  (၁၆၆)ယောက်ကို ကူညီစောင့်ရှောက်ထားကြောင်း AAမှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် မူဆလင်အရပ်သားများကို ရက္ခိုင့်တပ်တော်မှ မောင်းတောမြို့နယ်၊ အောင်ဇေယျကျေးရွာ၏ အရှေ့တောင်ဘက် (၃.၂၁)ကီလိုမီတာခန့်အကွာ၌တွေ့၍ ၎င်းတို့ထဲမှ ကျန်းမာရေးမကောင်းသူများအား ဆေးကုသမှုပေးကာ စောင့်ရှောက်ထားကြောင်း AA မှဆိုသည်။

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများကို AAမှ ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဘူးသီးတောင်မြို့နယ်တစ်ဝိုက်တွင် ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AAမှ လိုက်လံရှင်းလင်းနေသဖြင့် တိုက်ပွဲများဖြစ်ပွားနေကာ စစ်ကောင်စီမှ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မေလ (၁၆)ရက်နေ့ကလည်း စစ်ကောင်စီ၏ အတင်းအဓမ္မမ စစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးလာသည့် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာမှ ကလေးငယ်များပါဝင်သည့် မူဆလင်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၂)ယောက်ကို ရက္ခိုင့်တပ်တော် (AA)မှ ကူညီစောင့်ရှောက်ထားကြောင်းသိရသည်။

#TachileikNewsAgency

Video  : AA Info Desk