စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းမှ ဗုံးဆက်ကြဲနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့တွင်လည်း ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

"ထွေအုပ်ရုံးနဲ့ ဗျူဟာလမ်း သီလရှင်ကျောင်းနားကို ဗုံးကြဲချတာ။ လူထိခိုက်မှုရှိနိုင်တယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီ၏ လေတပ်က ယနေ့ နံနက် (၁၀)နာရီ (၂၅)မိနစ်တွင် တစ်ကြိမ်၊ နံနက် (၁၀)နာရီခွဲတွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားသည့်အပြင် မြို့ပေါ်တွင် စစ်ကောင်စီတပ်၏လေယာဉ် ပျံဝဲနေဆဲဖြစ်၍ သတိထားကြရန်ကိုလည်း ဒေသခံများအချင်းချင်း သတိပေးနေကြသည်ကို တွေ့ရသည်။

ယနေ့ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှုအခြေအနေများကို သိရှိရခြင်းမရှိသေးပါ။

လားရှိုးမြို့တွင် စက်တင်ဘာလ (၈)ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးလုံလေလုံအားကစားကွင်းနှင့် Silver Sky ဟိုတယ်တို့ ထိခိုက်ပျက်စီးခဲ့ပြီး ဩဂုတ်လ (၃၀)ရက်နေ့ ညနေပိုင်းကလည်း လားရှိုး အမှတ် (၈)အထက်တန်းကျောင်းနှင့် အနီးရှိ လူနေအိမ်တစ်လုံးတို့ ထိခိုက်ပျက်စီးခဲ့သည်။

လားရှိုးမြို့ကို MNDAA ကသိမ်းပိုက်ပြီး အုပ်ချုပ်ရေးဖော်ဆောင်နေခြင်းဖြစ်ပြီး စစ်ဘေးရှောင်အချို့လည်း နေရပ်ပြန်လည်နေထိုင်နေကြပြီ ဖြစ်သည်။

#TachileikNewsAgency

Video: CJ