ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်အိမ်ယာတွင် ကျားဖြန့်လုပ်ငန်းကိုဝင်ဖမ်းသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကောင်စီတပ်က မင်္ဂလာမူဆယ်အိမ်ယာဝန်းထဲက ကျားဖြန့်ကို ဝင်ဖမ်းတာ။ ပြည်သူ့စစ်တွေနဲ့ အချင်းချင်း ပြန်ပစ်ခတ်ကြတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
စစ်ကောင်စီတပ်ဘက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲနှင့် စစ်ကောင်စီတပ်တို့က ဝင်ဖမ်းခြင်းဖြစ်ပြီး ယခုညနေပိုင်းအထိ ပစ်ခတ်မှုများဖြစ်နေဆဲဟု ဆိုသည်။
“ပစ်ခတ်တော့ ဒေသခံတွေလည်းပြေးရတာပဲ။ လက်နက်ကြီးသံတွေကော လက်နက်ငယ်သံတွေကော ဆူညံနေတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များစွာရှိပြီး လက်ရှိတွင် ပစ်ခတ်နေဆဲဖြစ်သဖြင့် အသေးစိတ်မသိရသေးပါ။
#TachileikNewsAgency
Video: CJ