တကောင်းမြို့သိမ်းတိုက်ပွဲမှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါ ၂၀ ကျော်ဖမ်းမိထား

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် (၂၀)ဦးဝန်းကျင်ကို အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းထံမှ သိရသည်။ 

ယမန်နေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် တကောင်းမြို့ကို တော်လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး လက်ရှိတွင် နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု ဆိုသည်။ 

"လက်နက်လည်းများပါတယ်။ သုံ့ပန်းရော အလောင်းတွေရော အတိတကျဖော်ပြလို့မရသေးပါဘူး။ ဒုဗိုလ်မှူးကြီးတစ်ဦးပါတယ်။"ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ငယ် အလက်(၅၀)ကျော်၊ ၆၀ မမ (၂)လက် သိမ်းဆည်းရရှိထားကာ စစ်ကောင်စီတပ်သား(၂၀)ဖမ်းမိပြီး ကျန်သည့် စစ်ကောင်စီတပ်သား အကုန်သေသည်ဟု ဆိုသည်။

တကောင်းမြို့ရှိ ထွေအုပ်ရုံး၊ ဆေးရုံ၊ မြို့မရဲစခန်း၊လေးမျက်နှာဘုရားတို့ရှိ စစ်ကောင်စီတပ်များကို အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မ တော်များ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ)များ၊ တကောင်းတိုက်နယ် (ပကဖ)များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ် သည်။ 

တိုက်ပွဲစဖြစ်သည့်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ (၂)ကြိမ်၊ ယမန်နေ့တွင် (၂)ကြိမ် ပေါင် (၅၀၀)ဗုံး (၄)လုံးကြဲချသည်ဟု သိရသည်။ 

"လေယာဥ်ဗုံးကြဲတာလဲ သူတို့တပ်၀န်းထဲပဲကြဲတာ။ ရဲစခန်းထဲတစ်လုံးကြဲတယ်။ ပြီးတော့ တခြားနေရာတွေကိုလည်းကြဲတယ်။ တခြားနေရာတွေကတော့ တအားထိခိုက်မှုတော့မရှိဘူး။ ဆေးရုံနားလည်းကြဲတယ်။ ပြည်သူနေအိမ်တွေကတော့ အများကြီးထိခိုက်တာမရှိပါဘူး။"ဟု ၎င်းကဆက်ပြောသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား(၂)ဦးဒဏ်ရာရကာ အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးထိမှန်သေဆုံးကြောင်း သိရသည်။

လက်ရှိတွင် တကောင်းမြို့ကို တော်လှန်ရေးတပ်များ ဆက်လက်ထိန်းချုပ်၍ တမြို့လုံးကို နယ်မြေရှင်း လင်းရေးလုပ်နေသဖြင့် အရပ်သားများအား ဝင်ခွင့်မပြုထားသေးဟု သိရသည်။

#TachileikNewsAgency

Video: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ် - ပ.က.ဖ