တာချီလိတ်တွင် ဟုန်ပန်းကုမ္ပဏီက မြေယာလျော်ကြေးမပေးရသေးသည့် မြေနေရာကို လူ၊စက်အင်အားသုံး ရှင်းလင်းနေ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဟုန်ပန်းကုမ္ပဏီက မြေပိုင်ရှင် တောင်သူများနှင့် မြေယာလျော်ကြေး သဘောတူညီမှု ညှိနှိုင်းဆဲ လုပ်ကိုင်ခွင့်ရမြေနေရာကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၉)နာရီက လူအင်အား (၇၀) ဝန်းကျင်ဖြင့် စက်များသုံးကာ ဝင်ရောက်ရှင်းလင်းနေကြောင်း သိရသည်။

“ရဲစခန်းကို သွားတိုင်တော့လည်း ရဲတွေက လာမကြည့်ပေးဘူး”ဟု မြေယာပိုင်ရှင် လယ်သမားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါမြေနေရာမှာ ကုမ္ပဏီနှင့် မြေယာပိုင်ရှင်တောင်သူများကြား မြေယာလျော်ကြေး ညှိနှိုင်းသဘောတူညီခြင်း မရှိသေး၍ ညှိနှိုင်းပြေလည်သည်အထိ ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရန် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့ကတည်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကုမ္ပဏီနှင့် တောင်သူများကို ခေါ်ယူညှိနှိုင်း ဆုံးဖြတ်ပေးထားခြင်းဖြစ်သည်။

ဟုန်ပန်းကုမ္ပဏီက အဆိုပါ သဘောတူညီချက်ကို စစ်တပ်ကအာဏာသိမ်းပြီး (၃)လအကြာ မေလကတည်းက ချိုးဖေါက်ကာ ပြန်လည်လုပ်ဆောင်နေ၍ တောင်သူများကလည်း ဆက်တိုက် ကန့်ကွက်နေကြခြင်းဖြစ်သည်။

စက်ရုံများဆောက်ရန်ဟုဆိုကာ  တာချီလိတ်မြို့ ၏ အရှေ့ဘက်ရှိ မြေဧက (၆၀၀) ကို စစ်တပ်က ၁၉၉၈ - ၁၉၉၉ ခုနှစ်များအတွင်း သိမ်းယူခဲ့သည့်အနက် စက်မှုဇုန် - ဝမ်ပုံသွားလမ်း ဦးထွန်းအောင်တိုးဂိတ်အနီးရှိ မြေဧက (၁၀၀) ကို ၁၉၉၉ ခုနှစ်၊ သြဂုတ် (၁၉)  ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြေပေးမိန့်အမှတ် (၉၉/၉၉) ဖြင့် ဟုန်ပန်းကုမ္ပဏီကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ခြင်းဖြစ်သည်။

ဟုန်ပန်းကုမ္ပဏီက အဆိုပါ မြေနေရာတွင် ၂၀၀၀ ခုနှစ်၌ ပလတ်စတစ်ပိုက် စက်ရုံ၊ ၂၀၀၂ ခုနှစ်၌ တိရိစ္ဆာန် အစာစပ်စက်ရုံများ တည်ဆောက်ခဲ့ပြီး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၂)ရက်နေ့ နေ့စွဲ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စာအမှတ် ၁၂၇၆၉/ ၇-၂၁၆/ အစရ(ရှမ်း)ဖြင့် ခွင့်ပြုချက်ရထားခြင်းဖြစ်သည်ဟု သိရသည်။

လုပ်ကိုင်ခွင့်ရမြေနေရာတွင် လက်ရှိအချိန်ထိ စိုက်ပျိုးလုပ်ကိုင်နေဆဲ တောင်သူများ၏ လယ်မြေများအတွက် ဟုန့်ပန်းကုမ္ပဏီက လျော်ကြေးပေးခြင်းမရှိသေးဘဲ ရော်ဘာသန့်စင်စက်ရုံ၊ မဂ္ဂနီးစ်သတ္တုသန့်စင်စက်ရုံနှင့် ဝန်ထမ်းအိမ်ယာများ အကောင်အထည်ဖော်ရန်ဟုဆိုကာ  ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ခြံစည်းရိုးခတ်ရန်ကြိုးစားလာရာ တောင်သူများက ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး  နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံကြိုးစားလာသဖြင့်  ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက တောင်သူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများကို တွေ့ဆုံညှိနှိုင်းပေးပြီး မြေယာလျော်ကြေးပြေလည်သည်အထိ လုပ်ငန်းများရပ်ဆိုင်းထားရန် သဘောတူထားကြခြင်းဖြစ်သည်။

ဟုန်ပန်းကုမ္ပဏီက အကောင်အထည်ဖေါ်မည့် မြေနေရာတွင် လက်ရှိစပါးစိုက်ပျိုးထားသည့် လယ်ယာမြေ (၃၃) ဧကရှိနေပြီး ကုမ္ပဏီက တောင်သူများကို လျော်ကြေးငွေ တစ်ဧက ကျပ်သိန်း (၁၅၀) ပေးချေရန် ကမ်းလှမ်းထားသော်လည်း တောင်သူများက တစ်ဧက ဘတ် (၁၅) သိန်း (ကျပ်သိန်း ၇၅၀)နှင့် ဘတ်သိန်း (၂၀) (ကျပ်သိန်း ၁၀၀၀) ကြား လျော်ကြေးပေးရန် တောင်းခံထားကြခြင်းဖြစ်သည်။