မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့တွင်းမှာ မင်းမဲ့စရိုက်ဆန်ဆန် ဂိုဏ်းစတားအသွင်နဲ့ သေနတ်များ ကိုင်ဆောင်ထားတဲ့ လူတစ်စုဟာ တရုတ်ဆိုင်တစ်ဆိုင်က အမျိုးသမီး တစ်ဦးကို ၂၀၂၃ခုနှစ် မတ်လ(၁၆)ရက်နေ့ ည(၈)နာရီ (၅၄)မိနစ်အချိန်က ပြန်ပေးဆွဲသွားကြပါတယ်။
အခုလို ပြန်ပေးဆွဲ ခေါ်ဆောင်တာဟာ ဒီ မတ်လအတွင်းမှာ တစ်လတည်း (၂)ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
ပထမ ဖြစ်စဉ်ကတော့ မတ်လ(၁)ရက်နေ့ ည(၈)နာရီ (၄၈)မိနစ်အချိန်က ဝိန်းကျောက်ရပ်ကွက်ထဲက ဆိုင်တစ်ဆိုင်မှာ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရတာဖြစ်သလို အခုမှာ ပြန်ပေးဆွဲခံရသူဟာ အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ဟာ တရုတ်စကားများပြောတဲ့ တရုတ်အဖွဲ့ဖြစ်ကြောင်း သိရပါတယ်။
မတ်လ(၁)ရက်နေ့ရဲ့ ဖြစ်စဉ်နဲ့ မတ်လ(၁၆)ရက်နေ့တို့ရဲ့ ဖြစ်စဉ်များအရ ပြန်ပေးဆွဲတဲ့ လူတစ်စုဟာ တရုတ်ဒုစရိုက်လုပ်ငန်းစုများထဲက ဖြစ်နိုင်တယ်လို့လည်း ဒေသခံများက သုံးသပ်ထားကြပါတယ်။
အခုလို ဖြစ်စဉ်များနဲ့ပတ်သက်ပြီး တာချီလိတ်စစ်တပ်နဲ့ရဲတပ်ဖွဲ့ကတော့ မတို့ရဲ မထိရဲနဲ့ နှုတ်ဆိတ်လို့ နေပါတယ်။