အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့် မန္တလေးတိုင်း ပျော်ဘွယ်မြို့မှ ကမ္ဘောဇဘဏ်တွင် အသက်ရှင်သူ မရှိတော့ကြောင်း ပျော်ဘွယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၅ခုနှစ် မတ်လ(၃၀)ရက်နေ့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးနှင့် Singapore Civil Defence Force မှ တပ်ဖွဲ့ဝင် (၁၅)တို့သည် အဆောက်အဦးဧရိယာသို့ ကြည့်ရှု စစ်ဆေးခြင်း၊ ရှာဖွေကယ်ဆယ်ရေး ခွေး(၂) ကောင်ဖြင့် အသက်ရှင်လူနာများ ရှိ၊ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ရာ အသက်ရှင်နေသူများမရှိနိုင်တော့ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် မြန်မာ - စင်္ကာပူ (၂)နိုင်ငံပူးပေါင်း စစ်ဆေးရေးအဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
မတ်လ(၃၀)ရက်နေ့တွင် ပျော်ဘွယ်မီးသတ်တပ်ဖွဲ့သည် ကမ္ဘောဇဘဏ် အဆောက်အဦး ပြိုကျမှုမှ ယောက်ျားလေး ကလေးတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း မိခင်မှာ သေဆုံးသွားသည်ဟု သိရသည်။
မတ်လ(၂၉)ရက်နေ့တွင်လည်း ကမ္ဘောဇဘဏ်အဆောက်အဦအတွင်း ပိတ်မိနေသော ဘဏ်ဝန်ထမ်း ကိုသန်းထိုက်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ဒဏ်ရာများကြောင့် ဆေးရုံသွားသည့် လမ်းတွင် သေဆုံးသွားသည်ဟု သိရသည်။
မတ်လ(၃၀)ရက်နေ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်နှင့် မြင်းဘက်ရပ်ကွက်အတွင်း နေအိမ်များ ပြိုကျမှုအတွင်း ပိတ်မိနေသူ (၃၃)ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီး တစ်ဦးသေဆုံးသည်ဟု သိရသည်။
မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပျော်ဘွယ်မြို့ရှိ (၅)ထပ်အမြင့် ရှိသော ကမ္ဘောဇဘဏ်မှာ မြေကျွံဝင်သွားကာ ဝန်ထမ်းများ ပိတ်မိနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မတ်လ(၃၀)ရက်နေ့ ထုတ်ပြန်ချက်အရ ပျော်ဘွယ်မြို့နယ်အတွင်း သေဆုံးသူ (၁၆၁)ဦးရှိကာ ဒဏ်ရာရရှိသူ (၁၁၆)ဦးရှိထားပြီဟု သိရသည်။