NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ရေကြီးရေလျှံဒေသများရှိ ပြည်သူများ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် ကျပ်ငွေ (၉၅) သိန်းကျော် လှူဒါန်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ရေကြီးရေလျှံဒေသများရှိ ပြည်သူများ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် ကျပ်ငွေ (၉၅) သိန်းကျော် လှူဒါန်း
စက်တင်ဘာ 18, 2024 | အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိ ဒေသခံပြည်သူများအတွက် မြန်မာကျပ်ငွေ (၉,၅၇၀,၀၀၀)နှင့် တန်ဖိုးညီမျှသော ဘတ်(၆၆,၀၀၀)တိတိကို လှူဒါန်းကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် မျှဝေဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ရေဘေးသင့်ဒေသများတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး၊ ရွှေ့ပြောင်းရေးနှင့် စားနပ်ရိက္ခာ ပံ့ပိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ ငွေကျပ် (၆,၃၈၀,၀၀၀) နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနကို ဘတ် (၂၂,၀၀၀) အသီးသီး လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတဝန်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးသင့်လူဦးရေ ခြောက်သိန်းကျော် (၆၃၁,၀၀၀) အထိရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ (၁၆) ရက်နေ့တွင် ထုတ်ပြန်ထားပြီး နိုင်ငံအနှံ့ရှိ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် ပြည်သူများ အရေးပေါ်အကူအညီနှင့် အထောက်အပံ့များ လိုအပ်လျှက်ရှိသည်။

#TachileikNewsAgency

Photo: Mahn Winn Khaing Thann - Prime Minister of NUG