မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်သုံ့ပန်းတစ်ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ယောတပ်တော် ထံမှ သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ယောဒေသ ထီးလင်းမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ၏ အင်အား (၈၀)ကျော်ပါ စစ်ကြောင်းတစ်ကြောင်းသည် နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် (၇)နာရီခန့်တွင် ယောတပ်တော်၏ လှုပ်ရှားစစ်ကြောင်း (၂)တပ်ဖြန့်ထားသည့် နေရာသို့ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ပစ်ခတ်ပြီး စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယောတပ်တော် ပူးပေါင်းလှုပ်ရှားစစ်ကြောင်း နှင့် စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ Mi-35 ချေမှုန်းရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူပေးကာ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့များနှင့် PDF မှ တိုက်ခိုက်ရေး ဒရုန်းများ ၊ ဒေသခံ ပကဖများမှ လက်နက်ကြီးများဖြင့် ယောတပ်တော်အား စစ်ကူပေးခဲ့ပြီး ထိုနေ့ည (၇)နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းသည် အထိနာကာ ဒဏ်ရာရသူများအား အထမ်း (၄)ထမ်းဖြင့် သယ်ဆောင်ကာ ထီးလင်းမြို့အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။
ထို့အပြင် နိုဝင်ဘာလ (၂၆)ရက်နေ့ နေ့လယ် (၂)နာရီခွဲခန့်တွင် ကျောက်ထုမြို့အမြောက်တပ် အမတ (၃၆၈) တပ်ဝန်းအနီး (၁) ကီလိုမီတာအကွာတွင် ယောတပ်တော်၏ လှုပ်ရှားစစ်ကြောင်း (၄)နှင့် ကျောက်ထု အမတ (၃၆၈)မှ ထွက်လာသည့် စစ်ကြောင်းတို့ ထိပ်တိုက်တွေ့ကာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်တပ်ဖွဲ့အကြား (၁)နာရီခွဲခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ယောတပ်တော်မှ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၉)နာရီခန့်တွင် ကျောက်ထုမြို့ အမတ (၃၆၈)မှ ထပ်မံအင်အားဖြည့်တင်းပြီး ယောတပ်တော် တပ်ဖြန့်အခြေပြုရာသို့ ထပ်မံထိုးစစ်ဆင်လာရာ ယောတပ်တော်မှ လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီစစ်ကြောင်း အထိနာခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီသည် Mi-35 ရဟတ်ယာဉ်များကို အသုံးပြု၍ Rocket ၊ စက်လတ်တို့ ဖြင့်(၄)ကြိမ် ၊ Jet fighter ဖြင့် Rocket စက်အမြောက်များ သုံး၍ (၂)ကြိမ် စုစုပေါင်း (၆)ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး တစ်ရက်ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက် (၇) နာရီတွင် စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားကြပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာများအား ယောတပ်တော်မှ နယ်မြေရှင်းလင်းရာ စစ်ကောင်စီစစ်ကြောင်းမှ MA-1 သေနတ် (၂)လက် ၊ လက်နက်ခဲယမ်း စစ်အသုံးအဆောင် ပစ္စည်းအချို့နှင့် စစ်ကောင်စီတပ်သား ရုပ်အလောင်း (၂)လောင်းတို့ကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။
ထီးလင်းမြို့ ရွှေထီးခန်းမမှ အနီးကျေးရွာများသို့ စစ်ကြောင်းထိုးရန်ထွက်လာသည့် တပ်မ (၇၇) တပ်ရင်း (၁၀၇) မှ တပ်သားများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းအား နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက် (၇) နာရီခွဲတွင်ပင် ယောတပ်တော်၏ လှုပ်ရှားစစ်ကြောင်း (၃)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲမှာ (၅)နာရီခွဲခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူပေးပြီး ၎င်းတို့၏ တပ်များကို ဆွဲထုတ်သွားခဲ့ကာ ၊ တိုက်ပွဲပြင်းထန်နေချိန်တွင် PDF နှင့် ဒရုန်းတပ်ဖွဲ့မှလည်း ယောတပ်တော်နှင့် လာရောက်ပူးပေါင်းကာ တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ယောတပ်တော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ စစ်ကောင်စီဘက်မှ သုံ့ပန်း (၁) ဦး ၊ ရုပ်လောင်း (၈)လောင်း ၊ MA သေနတ် (၁)လက် ၊ ကာဘိုင် (၂)လက် ၊အခြားကျည်နှင့် ခဲယမ်းများ ၊ စစ်အသုံးအဆောင်များနှင့် ရေဒီယိုစက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ရရှိသည့် စစ်ကောင်စီအလောင်းများထဲတွင် စစ်ကောင်စီတပ်မှ အရာရှိဗိုလ်ကြီးတစ်ဦးပါရှိပြီး စစ်ကြောင်းမှူး ဖြစ်ကြောင်း သတင်းရရှိခဲ့ကာ တိုက်ပွဲအတွင်း ယောတပ်တော်မှ တပ်ဖွဲ့ဝင် (၂)ဦး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းလာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။
နောက်ဆက်တွဲ သတင်းအရ ဆုတ်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်းမှ ဒဏ်ရာပြင်းထန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး ထပ်မံ သေဆုံး၍ ဒဏ်ရာရရှိသူ (၁၀)ဦးကျော် ဆေးကုသခံယူနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ယောတပ်တော် (YA) အနေဖြင့် မဟာမိတ် ချင်းညီနောင် (CB)၊ ယောကာကွယ်ရေးတပ် (YDF) တို့နှင့် ပူးပေါင်းကာ ယောဒေသစစ်ဆင်ရေးများကို တိုးမြှင့်ဖော်ဆောင်လျှက်ရှိပြီး အဆိုပါ တိုက်ပွဲဖြစ်စဉ်များတွင် နီးစပ်ရာဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ခရိုင်တပ်ရင်းများ နှင့် Drone တပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Yaw Army Info