ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ယောတပ်တော်တို့ပူးပေါင်း

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ယောတပ်တော်တို့ပူးပေါင်း

တပ်ဖျက်သိမ်းကြောင်း ကြေညာထားသည့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)သည် ယောတပ်တော်နှင့် ပူးပေါင်းလိုက်ပြီဟု ၂၀၂၅ခုနှစ်‌ မတ်လ (၃)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)နှင့် ယောတပ်တော်တို့သည် ပေါင်းစည်းရေးအတွက် ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တပ်တစ်ခုတည်း တည်ဆောက်တိုက်ပွဲဝင်သွားတော့မည်ဟု ဆိုသည်။

ထိုသို့ စုပေါင်းနိုင်မှုသည် ယောအမျိုးသားတည်ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်ကို ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ရန် အင်အားတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

YPDF ကို စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး တိုက်ပွဲများအတွင်း တပ်ဖွဲ့ဝင် (၆)ဦး ကျဆုံးကာ (၃)ဦး ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် မျှော်မှန်းခဲ့သည့်အတိုင်း ယောအမျိုးသားနိုင်ငံရေးကို ညီညီညာညာ စုစုစည်းစည်းဖြင့် ဆောင်ရွက်ရန် အချိန်ကောင်းရောက်ရှိလာပြီဖြစ်သဖြင့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အစည်းအဝေးတွင် YPDF အား ဖျက်သိမ်းသည်ဟု ကြေညာသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်မှ နှုတ်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါတပ်ရင်း (ယောဒေသ)သည် ယောဒေသလွတ်မြောက်ရေးကို ပိုပြီး အားစိုက်ရန် ယောတပ်တော်ထံ ပူးပေါင်းလိုက်သည်။

ယောတပ်တော်သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ယောလူမျိုးတို့သည် တန်းတူညီမျှပါဝင်ခွင့်ရှိသော တိုင်းရင်းသားဖြစ်သည်ဟု သတ်မှတ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယောတပ်တော်အနေဖြင့် စစ်ကောင်စီအသုံးပြုသည့် တပ်မတော်ဆိုသော အခေါ်အဝေါ်ကို သဘောမကျခြင်းကြောင့် ရှေးခေတ်အသုံးဖြစ်သော တပ်တော်ဆိုသည့် အသုံးအနှုန်းဖြင့် ဖွဲ့စည်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိ ယောဒေသမြို့များမှာ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ လောင်းရှည်၊ ကျော စသည့်မြို့များပါဝင်ပြီး ဗမာမျိုးနွယ်စု၊ ချင်း၊ ယောနှင့် တောင်သားလူမျိုးတို့လည်းနေထိုင်သည်။

ယောလူမျိုးတို့မှာ ပျူ-ချင်းစပ် အနွယ်ဝင်များဖြစ်၍ ဒေသအလိုက် ထုံးဓလေ့နှင့် စကားအသုံးအနှုန်းတို့ ခြားနားနေရခြင်းဖြစ်ပြီး ဂန့်ဂေါနှင့် ယောတွင် အများဆုံးနေထိုင်ကြသည်။

တောင်သားတို့သည် ချင်းနှင့် ပျူသွေးစပ်ထားသည့် ချင်းအနွယ်များဖြစ်ကြကာ ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော စသည့်နယ်များ၏ အတွင်းပိုင်တောင်ခြေကျေးရွာများတွင် နေထိုင်ကြသည်။

#TachileikNewsAgency