ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ကိုးမြို့ရှင်နတ်နန်း ( အဘကိုးမြို့ရှင် (ပင်မ) ဗိမာန်တော်ကြီး)အတွင်းမှ သစ်ပင်သစ်ကိုင်းသည် လမ်းပေါ်သို့ ကျိုးကျမှုကြောင့် အမျိုးသမီးကြီးတစ်ဦး နံရိုးကျိုးသည်အထိ ဒဏ်ရာအပြင်းအထန်ရ၍ ဆေးကုသမှု ခံယူထားစဉ် ကွယ်လွန်သွားကြောင်း သိရသည်။
၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ကိုးမြို့ရှင်နတ်နန်းအတွင်းမှ သစ်ပင်သည် နတ်နန်းရှေ့ လမ်းမပေါ် ကျိုးကျမှုကြောင့် အသက်(၅၀)ကျော် ဒေါ်နန်းနွန်းသည် အပြင်းအထန် ထိခိုက်သွားပြီး ထိုင်းနိုင်ငံ ချင်းရိုင်းအထိ ချက်ချင်း ပို့ဆောင်ဆေးကုသခဲ့ရကြောင်း သိရသည်။
နတ်နန်းအတွင်းရှိ သစ်ပင် သစ်ကိုင်းကျိုးကျမှုကြောင့် ဒေါ်နန်းနွန်းသည် နံရိုး(၆)ချောင်းကျိုးကာ အဆုတ်ကိုထိသွားသည့်အပြင် ခန္ဓာကိုယ်လှုပ်ရှား၍ မရတော့သည့် အခြေအနေထိ ဖြစ်သွားသလို ဦးနှောက်လည်း သွေးခဲခဲ့ရကြောင်း မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
၎င်းအား ထိုင်းနိုင်ငံ ချင်းရိုင်းသို့ ချက်ချင်းပို့ဆောင်သော်လည်း ရရှိထားသော ပြင်းထန်သည့် ဒဏ်ရာများကြောင့် အခြေအနေ မကောင်းတော့၍ မတ်လ(၂၀)ရက်နေ့က ချင်းရိုင်းဆေးရုံမှ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ရကြောင်းလည်း ၎င်းထံက သိရသည်။
နေအိမ်သို့ ပြန်ခေါ်လာပြီးနောက် မတ်လ(၂၁)ရက်နေ့အကူး နံနက်(၃)နာရီ (၁၀)မိနစ်အချိန်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်သွားသည့် အသက်(၅၉)နှစ်ဝန်းကျင်ရှိ ဒေါ်နန်းနွန်းသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ကိုးမြို့ရှင်နတ်နန်း ( အဘကိုးမြို့ရှင် (ပင်မ) ဗိမာန်တော်ကြီး)အတွင်းမှ သစ်ပင်ကြီးများမှာ သက်တမ်းရင့် သစ်ပင်များဖြစ်သည်။