စစ်ကောင်စီခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဧပြီလ (၃) ရက်မှ (၄) ရက်အထိ လက်ခံကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးတက်မည်ဟု ထိုင်း PBS သတင်းဌာနက ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) ၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ၎င်းတက်ရောက်မည်ဖြစ်ကြောင်းကို အဆင့်မြင့်အရာရှိ သတင်းရင်းမြစ်အဆိုအရသိရသည်ဟု ထိုင်းပီဘီအက်စ်သတင်းက ဖေါ်ပြထားခြင်းဖြစ်သည်။
အစည်းအဝေးအား မည်သို့တက်ရောက်မည်ကို မသိရသေးဘဲ အကယ်၍ အဆိုပါအစည်းအဝေးတက်ရန် ဘန်ကောက်ကို သွားမည်ဆိုပါက စစ်ကောင်စီခေါင်းဆောင်၏ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ဘန်ကောက်ခရီးဖြစ်လာမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်က ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကိုမူ စစ်ကောင်စီခေါင်းဆောင်ကိုယ်စား စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အွန်လိုင်းမှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
(၆)ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှနာဝပ်အနေဖြင့် သဘာပတိအဖြစ်ကျင်းပမည့် ပထမဆုံး ထိပ်သီးအစည်းအဝေးဖြစ်ပြီး မူလက ယင်းအစည်းအဝေးအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
BIMSTEC အဖွဲ့မှာ ဘင်္ဂလားပင်လယ်အော်နယ်နမိတ်ရှိ နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်း (၇)နိုင်ငံတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင် ဘန်ကောက် BIMSTEC ထိပ်သီးအစည်းအဝေးတက်မည်ဟု သတင်းထွက်နေ
Featured News
မတ် 31, 2025
မတ် 20, 2025