ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ခရိုင်ထွေအုပ်ရုံးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦးခရိုင်ထွေအုပ်ရုံး ပျက်စီးသွားပြီး ဗုံးစများလည်း လူနေအိမ်များအထိ လွင့်စင်ထိမှန်ခဲ့ကြောင်း သိရသည်။
"မြောက်ဦးမြို့ ထမ္မရာဇ်လေးမြို့စားရပ်ကွက်က ခရိုင်ထွေအုပ်ရုံးကို စကစဂျက်လေယာဥ်တစ်စီးက ဗုံးတစ်ကြိမ် ကြဲသွားတာ။ ထိခိုက်သူတွေရှိတယ်။ အတိအကျ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ပြီးခဲ့သည့် မေလ(၁၅)ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်တိုက်နယ်ဆေးရုံနှင့် လမ်းမတော်စာသင်ကျောင်းတို့ကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲရာ လူ(၂၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် ရခိုင်ဒေသတွင် စစ်ရှုံးနေခြင်းကြောင်း အာရက္ခတပ်တော်သိမ်းပိုက်ထားသည့် မြို့၊ ရွာများကို လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: CJ