မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အနီး တော်လှန်ရေးတပ်များ ပူးပေါင်းစစ်ဆေးနေသည့်နေရာကို စစ်ကောင်စီတပ်က ဒရုန်းနှင့်ဗုံးသီးချတိုက်ခိုက်သဖြင့် အရပ်သားကား (၃)စီး ပျက်စီးသွားသည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နေ့လယ်ပိုင်းက ကျိုက်မရောမြို့နယ် စံပါယ်ဂူတံတား၌ တပ်စွဲထားသော အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ(၂၀၈)တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးသီးသုံးကြိမ် (၄)လုံးချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့က ဂိတ်ချထားတာမရှိဘူး။ သို့ပေမယ့် စစ်ရေးလိုအပ်ချက်အရ ရှောင်တခင်ဝင်စစ်တာမျိုးတွေရှိတယ်။ အရပ်သားတွေကားတွေပါ။ သွားလာနေတဲ့ ပြည်သူလူထုရဲ့ကားတွေပါ။ လူထိခိုက်မှုတော့မရှိဘူး။ အဲဒီနေ့ကလည်း ပြည်သူလူထုကို စစ်ဆေးနေတာမဟုတ်ဘူး။ ပြည်သူကိုချပြပေးရမယ့် သတင်းအချက်အလက်တွေကို ပြောပြနေတာပါ။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သည့်နေရာသည် ကော့ဒွန်းကော့ပနော့လမ်းဆုံအနီးဖြစ်ပြီး ပျက်စီးသွားသည့် အရပ်သားကား(၃)စီးမှာ ကုန်ပစ္စည်းတင်ဆောင်လာသည့် ယာဉ်များဖြစ်သည်ဟုလည်း သိရသည်။
“ဒီလိုမျိုးကတော့ သူတို့လုပ်တာကတော့ အခုမှမဟုတ်ပါဘူး။ အရင်လည်းလုပ်ပါတယ်။ ကျွန်တာ်တို့ကတော့ ပြည်သူတွေစားဝတ်နေရေး ခက်ခဲသွားအောင်လို့ ပိတ်ဆို့တာမျိုးလုပ်မှာမဟုတ်ပါဘူး။ အခုအချိန်ထိလဲ စဉ်းစားထားတာမရှိပါဘူး။”ဟု အဆိုပါရဲဘော်က ဆက်ပြောသည်။
အဆိုပါနေရာသည် ကျိုက်မရောမြို့နယ်အနီးတွင်ရှိပြီး တော်လှန်ရေးမဟာမိတ်တပ်များ စစ်ရေးလှုပ်ရှားရာ နေရာလည်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိကာလတွင် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိရှိကြရန်လည်း တိုက်တွန်းထားပြီး အချိန်မရွေး စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်နိုင်ခြင်းကြောင့် စစ်ရေးအသိရှိကြရန်လည်း ထပ်မံ တိုက်တွန်းထားသည်။
#TachileikNewsAgency
Photo:Mon Liberation Army