စစ်ရေးလှိုင်းများ မန္တလေးအထိဆင်းလာပြီဖြစ်သဖြင့် အုပ်ချုပ်ရေးအတွက် ဝန်ကြီးဌာနများပြင်ဆင်ထားကြရန် NUG ဝန်ကြီးချုပ်ပြော

စစ်ရေးလှိုင်းများ မန္တလေးအထိဆင်းလာပြီဖြစ်သဖြင့် အုပ်ချုပ်ရေးအတွက် ဝန်ကြီးဌာနများပြင်ဆင်ထားကြရန် NUG ဝန်ကြီးချုပ်ပြော

စစ်‌ရေးလှိုင်းများသည် မန္တလေးအထိဆင်းလာနေပြီဖြစ်သဖြင့် ဝန်ကြီးဌာနများ ကြိုတင်ပြင်ဆင်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင်ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုသည်။

စစ်ရေးကဏ္ဍနှင့်အတူ အုပ်ချုပ်ရေး ကဏ္ဍအတွက်ပါ စဥ်းစားပြင်ဆင်လုပ်ဆောင်စရာများ ပိုများလာသည့်ကာလဖြစ်ပြီး စစ်ဆင်ရေးအခြေအနေများ၊ အနေအထားများကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာပြီး နယ်မြေဒေသအလိုက် ပြင်ဆင်ရမည့်ကဏ္ဍအသီးသီးအတွက် ဝန်ကြီးဌာနများအနေဖြင့် ကြိုတင်ပြင်ဆင်မှသာ နယ်မြေစိုးမိုးမှုနှင့်အတူ အုပ်ချုပ်ရေးယန္တရားထူထောင်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

“မြို့တွေကို သိမ်းပိုက်နိုင်ပြီး အကျဥ်းထောင်တွေက ကျွန်‌တော်တို့ရဲ့သူရဲကောင်း နိုင်ငံရေးအကျဥ်းသားတွေကို ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းမျိုးဟာ လွန်ခဲ့တဲ့(၃)နှစ်ကဆိုရင် ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်း ထင်ရမယ့် အခြေအနေမျိုးပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်ကတည်းက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ “ငါတို့နိုင်မှ သူတို့ လွတ်မြောက်မှာ” လို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားခဲ့မှုတွေဟာ ဒီကနေ့ အရာထင်ခဲ့ပြီ ဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် စစ်ရေးအခြေအနေများနှင့် အုပ်ချုပ်ရေးထူထောင်မှုကဏ္ဍများတွင် အားစိုက်စီမံဆောင်ရွက်ရင်း တစ်ဘက်က နိုင်ငံရေးအခြေအနေ အလှုပ်အခတ်များကိုလည်း သတိထားပြီး စောင့်ကြည့်ကြရမည့်အချိန်ဖြစ်ကာ တော်လှန်‌ရေးတွင် စစ်ရေးအားသာရန်လိုသလို အုပ်ချုပ်ရေးယန္တရား ခိုင်ခံ့နိုင်ရန်လည်း လိုအပ်သည်ဟု ဆိုသည်။

“ကျွန်တော်အမြဲပြောခဲ့သလိုပဲ ကျွန်တော်တို့က တော်လှန်‌ရေးအစိုးရအနေနဲ့ တိုင်းပြည်ကို ဦးဆောင်နေရတာမို့ တစ်ပြိုင်နက်လုပ်ဆောင်ကြရမယ့်ကိစ္စတွေ အင်မတန်များပါတယ်။ နေ့စဥ်နဲ့အမျှ အရှုံးနဲ့ ရင်ဆိုင်နေရပြီး ပြိုလဲနေပြီဖြစ်တဲ့ စစ်အုပ်စုကို အပြီးတိုင်ဖြိုချပစ်နိုင်ဖို့၊ တော်လှန်ရေးကို အောင်မြင်စွာပွဲသိမ်းနိုင်ဖို့ဆိုတာ အချိန်ကိုက် စီမံစရာတွေ အလွန်များပါတယ်။”ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။

ဝန်ကြီးဌာနအသီးသီးအနေဖြင့်လည်း တော်လှန်ရေးအတွက် ဦးစားပေးလုပ်ငန်းစဥ်များကို ပိုမိုအားစိုက်အချိန်ပေးရမည်ဖြစ်သည်ဟုလည်း ပြောဆိုသည်။

မန္တလေးတိုင်းအတွင်းထိ ထိုးဖောက်ဝင်ရောက်မည့် ရှမ်း-မန်းစစ်ဆင်ရေးကို NUG က ပြီးခဲ့သည့် ဇွန်လ(၂၇)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် လက်ရှိတွင် စဉ့်ကူးမြို့ကို သိမ်းပိုက်ရရှိထားကာ မတ္တရာမြို့နယ်ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

#TachileikNewsAgency