လိုင်ဇာမြို့အဝင်ရှိ စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်လိုက်ပြီးနောက် မြို့အဝင်လမ်းကို ပြန်လည် ဖွင့်လှစ်

လိုင်ဇာမြို့အဝင်ရှိ စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်လိုက်ပြီးနောက် မြို့အဝင်လမ်းကို ပြန်လည် ဖွင့်လှစ်

ကချင်ပြည်နယ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်ရှိ စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းလိုက်ပြီးနောက်    မြို့အဝင်လမ်းကို ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၆)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လဂျားယာန်ကျေးရွာမှ တဆင့် လိုင်ဇာမြို့ကို ဝင်နိုင်သည့် အဆိုပါ လမ်းရှိ စစ်ကောင်စီတပ် Masen Kawng စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၂၀၂၄ ခုနှစ် မတ်လ(၉)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက် လိုင်ဇာမြို့အဝင်လမ်းကို ပြန်ဖွင့်လိုက်ခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ လမ်းတွင် စစ်ကောင်စီတပ်က အင်အား(၄၀)ဝန်းကျင်ဖြင့် ၂၀၁၁ ခုနှစ် ကချင်ပြည်နယ် တကြော့ပြန်စစ်ပွဲနောက်ပိုင်း တပ်ချထားသဖြင့် လမ်းကိုလည်း ပိတ်ထားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ 

လိုင်ဇာမြို့အဝင်ဆိုင်းဘုတ်သည် မြစ်ကြီးနား - ဗန်းမော်လမ်းမကြီး နှင့်စပ်ဆက်သည်ဟု သိရသည်။

ယခုကဲ့သို့ လမ်းပြန်ဖွင့်နိုင်ခြင်းမှာလည်း KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်းများမရှိ‌တော့သဖြင့် ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန် ဘွမ်ရယ်ဘွမ်ဗျူ ဟာစခန်းကို KIA က ယမန်နေ့က သိမ်းပိုက်လိုက်ပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များကို  လိုက်လံချေမှုန်းနေသည်ဟု သိရသည်။

အဆိုပါတပ်တပ်စခန်းများမှ တပ်မ(၈၈) တပ်မမှူးနှင့် စကခ(၂၁) ဗျူဟာမှူးတို့လည်း ထွက်ပြေးသွားသည့်အထဲတွင် ပါဝင်သည်ဟု သိရသည်။

လိုင်ဇာမြို့သည် တရုတ်-မြန်မာနယ်စပ်‌ပေါ်တွင်ရှိပြီး ၂၀၁၁ ခုနှစ်က တ‌ကြော့ပြန် စစ်ပွဲဖြစ်ပွားပြီးနောက်တွင် မြန်မာဘက်ခြမ်းမှ မြို့အဝင်လမ်းပိတ်ထားခဲ့ရသဖြင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားခဲ့သည်။