ဘူးသီးတောင်မြို့နယ် ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး ၇ ဦး သတ်ဖြတ်ခံရမှု လက်နက်ကိုင်မွတ်ဆလင်များကို တုံ့ပြန်သွားမည်ဟု AA ထုတ်ပြန်

ဘူးသီးတောင်မြို့နယ် ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး ၇ ဦး သတ်ဖြတ်ခံရမှု လက်နက်ကိုင်မွတ်ဆလင်များကို တုံ့ပြန်သွားမည်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး(၇)ဦးအား စစ်ကောင်စီတပ်က သင်တန်းပေးထားသည့် မွတ်ဆလင်လက်နက်ကိုင်များက သတ်ဖြတ်လိုက်ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းတို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့၊ နံနက်ပိုင်းက မျှစ်သွားချိုးရန် ထွက်သွားကြရာ (၂၄) နာရီ (သို့မဟုတ်) တစ်ရက်ကြာမြင့်သည်အထိ နေအိမ်များသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် ဇူလိုင်လ (၁၉)ရက်နေ့တွင် ၎င်းတို့၏ မိသားစုဝင်များမှ AA အား သတင်းပို့လာသဖြင့် ဂန္ဓာရီရွာသားများနှင့်စုပေါင်းပြီး ၎င်းတို့သွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ထဲမှ ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှနှင့် ဦးမောင်ထွန်းတို့ (၃)ဦး၏ ရုပ်အလောင်းများအား ဇူလိုင်လ (၁၉)ရက်နေ့ နေ့လယ် (၁၂) နာရီတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကျန်ရှိသူ (၄)ဦးဖြစ်ကြသော ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနှင့် ဦးကြာထွန်းဦးတို့ကို ဇူလိုင်လ (၂၀)ရက်၊ နေ့လယ် (၁)နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြသော ၎င်းအပြစ်မဲ့ပြည်သူ ခမီလူမျိုး (၇)ဦးတို့မှာ ဝမ်းရေးအတွက် ဟင်းရှာသွားကြစဉ် စစ်ကောင်စီမှ သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မွတ်ဆလင်အစွန်းရောက် လက်နက်ကိုင်များ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

၎င်းပြည်သူ (၇)ဦး၏ ရုပ်အလောင်းများအား အာရက္ခတပ်တော်မှ ရွာသူရွာသားများနှင့်ပူးပေါင်းကာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီး လိုအပ်သော အကူအညီများကိုလည်း ဆက်လက်ပေးအပ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်ခံရ၍ သေဆုံးသွားခဲ့ရသော ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ အရပ်သား (၇)ဦး၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရကြောင်းလည်း ထုတ်ပြန်ထားသည်။

ဘူးသီးတောင်နှင့် မောင်တောဒေသတွင် စစ်ကောင်စီသည် မွတ်ဆလင်များအား အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူတို့အား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သားပြည်သူများသွားလာသည့်လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များအား ဖောက်ထွင်းလုယက်ခြင်းများ၊ခြိမ်းခြောက်စာများကပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသောကြောင့် အရပ်သားများ ဟင်းရှာဖွေခြင်း၊ သွားလာခြင်း၊ နေထိုင်ခြင်းများကို အထူးဂရုပြုသွားလာကြရန်၊ သတိဖြင့်နေထိုင်ကြရန်သတိပေးထုတ် ပြန်ထားသည်။

အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသောသူများအား အာရက္ခတပ်တော်မှ အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်ပြီး  အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မွတ်ဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency