ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု ဒွကျေးရွာတွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း PPDF - ၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု ဒွကျေးရွာတွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး သန်းအောင်အား PDF ပူးပေါင်းတပ်ဖွဲ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့ နေ့လယ် (၁)နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်၌ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်းနှင့် ပေါ်တာဆွဲရာတွင် အားတက်သရော လုပ်ဆောင်ပေးခြင်း ၊ စစ်မှုမထမ်းလိုလျှင် လူစားထည့်ပေးမည်ဟုဆိုကာ ကျေးရွာအုပ်စုအတွင်း ငွေကြေးကောက်ခံခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအား စုံစမ်းကာ စစ်ကောင်စီအား ပေးအပ်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အခါအခွင့်သင့်လျှင်သင့်သလို စစ်ကောင်စီဒေါက်တိုင်များဖြစ်သည့် ရပ်/ကျေးထွေအုပ်စာရေးများ ၊ အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးများကို ပြတ်သားစွာအရေးယူဆောင်ရွက်နေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့ ရှိရာနေရာများသို့ ရှောင်တိမ်းသွားလာကြပါရန် PPDF-၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။
#TachileikNewsAgency