စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည့် ကနီမြို့တွင် စားဝတ်နေရေးခက်ခဲမှုကြောင့် ဒေသခံတစ်ဦး တောင်ပေါ်မှ ခုန်ချ

စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည့် ကနီမြို့တွင် စားဝတ်နေရေးခက်ခဲမှုကြောင့် ဒေသခံတစ်ဦး တောင်ပေါ်မှ ခုန်ချ
By Tachileik News Agency

စစ်ကိုင်းတိုင်း ကနီမြို့တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များက မြို့ကိုပိတ်ထားသဖြင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲဖြစ်လာကြရာ လက်လုပ်လက်စားလူငယ်တစ်ဦးမှာ တောင်ပေါ်မှ ခုန်ချကာ အဆုံးစီရင်သွားကြောင်း သိရသည်။

“စားဝတ်နေရေးခက်ခဲပြီး မြို့ကနေလည်း ထွက်မရတော့လို့ အဆုံးစီရင်သွားတာလို့ သိရတယ်။ သူက ကနီမြို့ထဲမှာ ပိတ်မိနေတဲ့သူပါ။ တိုက်ပွဲဖြစ်တော့ မြို့ကလည်းပျက်သွားတော့ စားဝတ်နေရေး လက်လှမ်းမမီတော့တာပေါ့။ ပြင်ပကိုထွက်လာတဲ့ စစ်ရှောင်တွေကတော့ ကူညီရေးပစ္စည်းတွေ အထိုက်အလျောက်တော့ ရောက်တာပေါ့။ မြို့ထဲမှာက စစ်ကောင်စီတပ်တွေ ပိတ်ဆို့ထားတော့ ကူညီရေးပစ္စည်းတွေမရောက်ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မြို့တွင်းပိတ်မိနေသည့် အသက် (၃၀)ဝန်းကျင် ကိုစောအေးမောင်သည် ၂၀၂၄ ခုနှစ် ဧပြီလ(၁)ရက်နေ့က ကနီမြို့တွင်းရှိ ရွှေမြင်းဖြူတောင်ပေါ်မှ ခုန်ချကာ အဆုံးစီရင်သွားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ကနီမြို့တွင်း သွားလာနိုင်ကြောင်း စစ်ကောင်စီတပ်ဘက်က သတင်းလွှင့်ထားသော်လည်း မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းများ လုပ်နေသဖြင့် ဒေသခံများမှာ မြို့တွင်းမဝင်ရဲကြဘဲဖြစ်နေကြကြောင်း သိရသည်။

“မြို့တွင်းကို သွားလို့လည်းမရဘူး။ သူတို့လည်း ထွက်လို့မရတော့ဘူး။ စစ်ကောင်စီတပ်ဘက်က နေရာပြန်ရသွားတော့ ထွက်လို့မရတော့ဘူး။ မြို့ကလည်း ဈေးဆိုင်၊ ဘာညာမရှိတော့ဘူး ပျက်သွားပြီ။ စားဝတ်နေရေးခက်ခဲလာလို့ အဲဒီလိုဖြစ်သွားတာပါ။”ဟု သေဆုံးသူနှင့် နီးစပ်တစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် ကနီမြို့မှ စစ်ရှောင်များမှာ ဆွေမျိုးနေအိမ်များ၊ ဘုန်းကြီးကျောင်း၊ နီးစပ်ရာကျေးရွာများတွင်ပြောင်း ရွှေ့တိမ်းရှောင်နေကြရပြီး မြို့မှာလည်း လုံးဝပျက်သွားပြီဖြစ်ကာ လိုင်းကားများလည်း ပြေးဆွဲခြင်းမရှိတော့ကြောင်း သိရသည်။

ကနီမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ(၂)ရက်နေ့မှ (၁၂)ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ(၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ စစ်ကူအင်အားအများအပြားဖြင့် ကနီကိုတိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် မြို့တွင်း၌ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ် ရေလမ်းကြောင်းကို ဖြတ်တောင်နိုင်သည့်နေရာတွင်ရှိသည့် ကနီမြို့တွင် စစ်ကောင်စီတပ်၏ ခလရ(၈၇)၊ (၈၉)၊ (၂၂၂)၊ (၇၇)တပ်များ၊ ရဲတပ်ဖွဲ့များ၊ ပျူစောထီးအဖွဲ့များက ရဲစခန်း၊ စာသင်ကျောင်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်းများတွင် တပ်စွဲထားကြောင်း သိရသည်။