ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက် (၁၁)နာရီဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့လက်ချက်ဖြင့် ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် အလွတ်တန်းဓါတ်ပုံသတင်းသမား ကိုစိုးနိုင်မှာ စစ်ကြောရေး၌ ညှင်းပန်းနှိပ်စက်ခံရမှုများကြောင့် (၃) ရက်အကြာတွင် သေဆုံးသွားကြောင်း ၎င်း၏မိတ်ဆွေများ၏ အတည်ပြုချက်အရ သိရသည်။
လူ့အခွင့်အရေးနေ့အထိမ်းအမှတ် silent strike ပြုလုပ်ကြသည့် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဓါတ်ပုံရိုက်နေသည့် ကိုစိုးနိုင်နှင့် အခြားဓါတ်ပုံဆရာ (၁)ဦးတို့ကို အာဏာသိမ်းအဖွဲ့၏စစ်တပ်က ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများ၏ နေအိမ်များကိုလည်း အာဏာသိမ်းအဖွဲ့က ရှာဖွေမှုများ ပြုလုပ်ထားပြီး ကိုစိုးနိုင်တွင် ဇနီးဖြစ်သူနှင့် သားတစ်ဦးရှိကြောင်း သိရသည်။
အာဏာသိမ်းအဖွဲ့က အာဏာသိမ်းမှုဆန့်ကျင်သူ၊ ဆန့်ကျင်သည်ဟု ယူဆသူများကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများလုပ်၍ ဖမ်းဆီးမှုအတွင်း သေဆုံးရသူများရှိသည့်အပြင် ဖမ်းဆီးခံရသူများအား စစ်ဆေးသည့် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူမှာ AAPP ကရရှိသည့်စာရင်းအရ (၉၀)ထက်မနည်းရှိနေပြီး စာရင်းမရသည့် သေဆုံးရမှုများလည်း ရှိနေနိုင်သည်။